ကဝမြို့နယ် သပြုကျေးရွာတွင် ပျူစောထီးတစ်ဦးပစ်ခတ်ခံရ

ကဝမြို့နယ် သပြုကျေးရွာတွင် ပျူစောထီးတစ်ဦးပစ်ခတ်ခံရ
ဖေဖော်ဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ကဝမြို့နယ် သပြုကျေးရွာ ရွာကြီးပိုင်း စာလေးချောက် ကွမ်းယာဆိုင်အနီးတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ကျော်လွင်ဦး(ခ)ကိုလွင်ဆိုသူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့က ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ကျော်လွင်ဦး(ခ)ကိုလွင်သည် ပျူစောထီးတစ်ဦးဖြစ်သည့်အပြင် တော်လှန်ရေးရဲဘော်များ၏ သတင်းနှင့် တည်နေရာများကို စစ်ကောင်စီထံပေးပို့၍ ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ သပြုကျေးရွာနှင့် အနီးအနားမှ အရပ်သားများကို ဖမ်းဆီးခိုင်းခြင်း၊ ရိုက်နှက်ခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ထောင်ချခိုင်းခြင်း၊ မတန်မဆ ခြိမ်းခြောက်ငွေညှစ်ခြင်းများကို ကျူးလွန်နေသူဖြစ်သည်ဟု ပစ်ခတ်ခဲ့သည့် ကဝမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားသည်။

၎င်း၏ သတင်းပေးမှုများကြောင့် သပြုကျေးရွာနှင့် အနီးအနားရွာများရှိ အရပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တချို့မှာလည်း  မတရား ထောင်ဒဏ်များ ကျခံနေရကာ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများကိုလည်း ငွေညှစ်ခြိမ်းခြောက်ခြင်းများရှိသည်ဟု သိရသည်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် သပြေညိုမြို့ပြစစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့ကလည်း အုန်းနှဲရဲစခန်းဂိတ်ပေါက်ရှေ့တွင် မိုင်းခွဲတိုက်ခိုက်မှု၊  ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် စစ်ကောင်စီထောက်တိုင် သရက်ကုန်းကျေးရွာအုပ်ကြီး ပျူစောထီး ခေါင်းဆောင် ဘိုမြင့်ကို ပစ်ခတ်မှုနှင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် သက္ကလမြို့အထွက် ရဲဆိုင်ကယ်များကို မိုင်းဆွဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

#TachileikNewsAgency