စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်တိုက်ပွဲဖြစ်နေ

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)တို့  တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂)ရက်နေ့ကစတင်ကာ ယနေ့ ဇွန်လ(၄)ရက်နေ့အထိ MNDAA တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လာရာ တိုက်ပွဲဖြစ်ပြီး MNDAA ဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း The Kokangက သတင်းဖော်ပြထားသည်။

ဇွန်လ(၂)ရက်နေ့က အထူးဒေသ(၁) မူပန်ခရိုင်၊ ပြင်းတောင်ရွာအနီးရှိ  MNDAA၏ ယာယီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဇွန်လ(၃)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် MNDAA တပ်များ သည် တုံရှမ်းဒေသ၊ ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့ဒေသ တို့တွင်  တိုက်ပွဲဖြစ်ပြီး MNDAA မှရဲဘော်တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးပေ။

ယင်းအပြင် ယနေ့ဇွန်လ(၄)ရက်နေ့၊ နံနက်တွင်လည်း ကိုးကန့်ခရိုင် ရှိရှမ်းဒေသ၊ ကြာကျည်ရှူကျေးရွာအုပ်စု ကျန်တစ်ရှမ်းဘက်တွင် ပစ်ခတ်မှုများဖြစ်နေပြီး စစ်ကောင်စီတပ်က ကျန်တစ်ရှမ်းဘက်သို့  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ပစ်ခတ်တိုက်ခိုက်သောနေရာအနီး တာခုတ်ကျည်နေရာကို စစ်ကောင်စီတပ်က ကားလမ်းကြောင်းပိတ်ထားသဖြင့် စျေးလာဝယ်သည့်အရပ်သားများ ပိတ်မိနေသည်ဟု သိရသည်။

MNDAAသည် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့တွင် ပါဝင်ပြီး ပြီးခဲ့သည့်ဇွန်လ(၁)ရက်နေ့ကလည်း တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ မည်သည့်သဘောတူညီမှုမရရှိဘဲ ဒုတိယမြောက်နေ့ ဇွန်လ(၂)ရက်နေ့တွင် ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့သည်။

မည်သည့်ကိစ္စကြောင့် ဆွေးနွေးပွဲရပါတန့်သွားသည်ကို သက်ဆိုင် ရာအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ပထမနေ့တွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာကိစ္စများ၊ ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ အမြန်ဆုံး အဆင်ပြေချောမွေ့ စွာ ရောက်ရှိနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့တွင် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တို့ ပါဝင်သည်။

#TachileikNewsAgency

Photo : The Kokang