တာချီလိတ်မြို့တွင် ဧည့်စာရင်းစစ်ဆေးရင်း ဖုန်းယူစစ်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် ဧည့်စာရင်းစစ်ဆေးရင်း ဖုန်းယူစစ်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်
နိုဝင်ဘာ 20, 2023 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဧည့်စာရင်းစစ်ဆေးမှုအတွင်း ဖမ်းခံရသည့် အမျိုးသားတစ်ဦးကို Facebook ပေါ်ကနေ နိုင်ငံတော်အားဆန့်ကျင်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်ရန် လုပ်ဆောင်သည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း လွန်းကျိုင်းရှိ နေအိမ်လိုင်းခန်းတွင် နေထိုင်သူ အသက်(၄၅)နှစ်ဝန်းကျင်ရှိ ဦးတင်မွှေးဆိုသူဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့်ရဲ အပါအဝင် ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်သည့် အဖွဲ့က ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့၏ ညပိုင်းက ပါဆတ်ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးရာမှ ဦးတင်မွှေးဆိုသူမှာ ဖမ်းခံရခြင်း ဖြစ်သည်။

ဧည့်စာရင်းစစ်ဆေးရင်း စစ်ဆေးရာက ဖုန်းအတွင်းမှ ကျောက်မဲဆရာတော်၏ လက်သုံးချောင်းတရား ဗီဒီယိုအား ပြန်လည် ဝေမျှ(Share)ထား၍ဟုဆိုကာ နိုင်ငံတော်အားဆန့်ကျင်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်ရန် လုပ်ဆောင်သည်ဟု စွပ်စွဲပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဟောင်လိတ်နယ်ထိန်းခေါင်းဆောင်  ရဲအုပ်ဇော်ဝင်းနိုင်က တရားလိုပြုလုပ်ပြီး (ပ) ၁၅၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုဝင်ဘာလအတွင်း၌ စစ်တပ်က ဦးဆောင်ပြီး ဧည့်စာရင်းစစ်ဆေးမှုများ တောက်လျှောက် ပြုလုပ်နေပြီး ဧည့်စာရင်း စစ်ဆေးနေစဉ်အတွင်း မသင်္ကာပါက လူ့အခွင့်အရေးချိုးဖောက်ကာ ဖုန်းယူစစ်ဆေးမှုများပါ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။