ကျိုင်းတုံမြို့တွင် မင်းအောင်လှိုင်၏ ထီးတင်ပွဲ ခရီးစဉ်အပြီး (၈)ရက်တာအတွင်း Covid-19 ကူးစက်ခံရသူ (၈၀)ကျော်ရှိ

ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ကျိုင်းတုံမဟာမြတ်မုနိဘုရားကြီးတွင် ပြုလုပ်သည့် ထီးတင်ပွဲ၌ လူစုလူဝေးဖြင့် တွေ့ရသည့် ဒေါ်ကြူကြူလှ
ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ကျိုင်းတုံမဟာမြတ်မုနိဘုရားကြီးတွင် ပြုလုပ်သည့် ထီးတင်ပွဲ၌ လူစုလူဝေးဖြင့် တွေ့ရသည့် ဒေါ်ကြူကြူလှ
ကျိုင်းတုံမြို့တွင် မင်းအောင်လှိုင်၏ ထီးတင်ပွဲ ခရီးစဉ်အပြီး (၈)ရက်တာအတွင်း Covid-19 ကူးစက်ခံရသူ (၈၀)ကျော်ရှိ
ဖေဖော်ဝါရီ 23, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထီးတင်ပွဲခရီးစဉ်အပြီး  (၈)ရက်တာ ကာလအတွင်း၌ Covid-19 ကူးစက်ခံရသူ (၈၀)ကျော်ပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလအတွင်း၌ လူစုလူဝေးပြုလုပ်မှုများအနေဖြင့် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲများ ကျင်းပခဲ့သလို  ထီးတင်ပွဲ နှင့် အစားထိုး ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေး စသည့် အခမ်းအနားများတွင် လူစုလူဝေးဖြင့် ကျင်းပခဲ့ရာ ထီးတင်ပွဲနှင့် အစားထိုး ဟော်နန်း ပန္နက်ချအခမ်းအနားသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ 

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ အရေအတွက်အားဖြင့် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ က (၅)ဦး၊ (၁၆)ရက်နေ့က (၂)ဦး၊ (၁၇)ရက်နေ့က (၂)ဦး၊ (၁၈)ရက်နေ့က (၉)ဦး၊ (၁၉)ရက်နေ့က (၇)ဦး၊ (၂၀)ရက်နေ့က (၅)ဦး၊ (၂၁)ရက်နေ့က (၂၄)ဦး၊ (၂၂)ရက်နေ့က (၃)ဦး နှင့် ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် (၂၅)ဦး တွေ့ရှိရသည့်အတွက် (၈)ရက်အတွင်း (၈၂)ဦး တွေ့ရကြောင်း သိရသည်။

(၈)ရက်တာကာလအတွင်း တွေ့ရသည့် (၈၂)ဦးတွင် ရဲစခန်းအတွင်းမှ ရဲတပ်ဖွဲ့ဝင် နှင့် အချုပ်သားများ အပါအဝင် (၁၀)ဦးအထိ Covid-19 ပိုးတွေ့ကြောင်းလည်း သိရသည်။

၎င်းခရီးစဉ်မတိုင်မီ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၅)ရက်တာအတွင်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁၈)ဦးသာ တွေ့ရှိခဲ့သော်လည်း ခရီးစဉ်အပြီး (၈)ရက်တာအတွင်း (၈၂)ဦး တွေ့ရှိရခြင်း ဖြစ်သည်။ 

အစားထိုး ဟော်နန်း ပန္နက်ချအခမ်းတွင် လူစုလူဝေးဖြင့် တွေ့ရသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်

ကျိုင်းတုံမြို့၏ Covid-19 အခြေအနေမှာ (၁၃)ရက်အတွင်း၌ Covid-19 ပိုးတွေ့ရှိသူ (၁၀၀)တိတိ ရှိခဲ့ပြီး ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ Covid-19 ပိုးတွေ့ရှိခဲ့သူ (၅,၈၀၃)ဦးအထိရှိခဲ့ကာ (၅,၆၃၂)ဦးသက်သာသွားကြပြီဖြစ်သော်လည်း သေဆုံးသူမှာ (၉၃)ဦးအထိရှိသည်ဟု ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ နဂါးနှစ်ကောင်ဆရာတော်အား ဆက်ကပ်စဉ်

ကျိုင်းတုံမြို့တွင် ကျန်းမာရေးဌာနက Covid-19 စစ်ဆေးပေးနေသည့်နေရာများသို့ သွားစစ်၍ ပိုးတွေ့သူများရှိသလို မိမိအစီအစဉ်ဖြင့် စစ်ဆေးပြီး ပိုးတွေ့၍ နေအိမ်တွင် မိမိအစီအစဉ်ဖြင့် နေနေသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။