လောက်ကိုင်မြို့ကို ဝင်တိုက်မည်ဟု MNDAA ကြေညာပြီးနောက် စစ်ကောင်စီက ကိုးကန့်ဥက္ကဌကိုဖြုတ်ကာ ဗိုလ်မှူးချုပ်တစ်ဦးနှင့်အစားထိုး

လောက်ကိုင်မြို့ကို ဝင်တိုက်မည်ဟု MNDAA ကြေညာပြီးနောက် စစ်ကောင်စီက ကိုးကန့်ဥက္ကဌကိုဖြုတ်ကာ ဗိုလ်မှူးချုပ်တစ်ဦးနှင့်အစားထိုး
နိုဝင်ဘာ 16, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို ဝင်တိုက်တော့မည်ဟု MNDAAက ထုတ်ပြန်လိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌနေရာကို စစ်ကောင်စီက ဗိုလ်မှူးချုပ်တစ်ဦးဖြင့် ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ယခင် စစ်ကောင်စီတွင် ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေကို ရာထူးမှဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဖယ်ရှားခံရသည့် ကိုးကန့်ဥက္ကဋ္ဌ ဦးမြင့်ဆွေဆိုသူမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို တက်ရောက်ခဲ့သူဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှူစစ်ဌာနချုပ် (လောက်ကိုင်)နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအဖြစ် နိုဝင်ဘာလ (၁၂)ရက်နေ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA)က လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း (၁၅၀)ဝန်းကျင်ကို ကိုးကန့်တပ်မတော် ညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးနှင့် နမ့်ခမ်းမြို့တို့ကိုလည်း ထိန်းချုပ်ထားသည်။

ထို့အပြင် လားရှိုး၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ ကျောက်မဲနှင့် နောင်ချိုမြို့တို့တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။

#TachileikNewsAgency