ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာများကို လက်နက်ကြီးပစ်ပြီး လေကြောင်းမှ တိုက်ခိုက်နေ

ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာများကို လက်နက်ကြီးပစ်ပြီး လေကြောင်းမှ တိုက်ခိုက်နေ
နိုဝင်ဘာ 10, 2023 | 2021 Military Coup| ကယား

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၉)ရက်နှင့် (၁၀)ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာ နေရာများကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်နေ၍ အရပ်သားသေဆုံးမှုများရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က နိုဝင်ဘာလ (၉) ရက်နေ့ ၊ ညနေ (၃)နာရီကျော် ဝန်းကျင်တွင် လွိုင်ကော်မြို့နှင့် လောပိတကြားရှိ ကျေးရွာကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့ကာ ယင်းနေ့ည (၁၁)နာရီခွဲတွင် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ ကျေးရွာကို ပစ်ခတ်သဖြင့် အိပ်နေသည့် သက်ကြီးရွယ်အို အမျိုးသမီး (၁)ဦး သေဆုံးသွားရကြောင်း သိရသည်။

ယင်းအပြင် ယနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နေ့လည် (၁)နာရီကျော် အချိန်တွင်လည်း ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ကျေးရွာများကို တိုက်လေယာဉ် (၂)စီးဖြင့် (၃) ကြိမ်ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားတစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းသို့ လေကြောင်းမှပစ်ခတ်ပြီးနောက် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေကြောင်း သိရသည်။

 

“စစ်ကောင်စီမှ အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည်၊ နှစ်ဖက်တပ်များ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့်အချိန် မဟုတ်သလို တိုက်ပွဲဖြစ်ပွါးသည့် နေရာဒေသများနှင့်လည်း ဝေးကွာနေသည့် နေရာများသာ ဖြစ်၍ လက်နက်မဲ့ အရပ်သားပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန် လုပ်ဆောင်လျှက်ရှိပါသည်။ “ဟု KNDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



စစ်ကောင်စီက ကရင်နီပြည်နယ်တွင်း လူနေဒေသများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို နိုဝင်ဘာအတွင်း ဆက်တိုက်ပြုလုပ်နေသဖြင့် အများပြည်သူအနေဖြင့် လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များကို လုပ်ဆောင်ထားကြရန် KNDF က တိုက်တွန်းထားသည်။