ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၁၀၆ ခုကို မဟာမိတ်တပ်များသိမ်းထား၊ စစ်ကောင်စီတပ်များ လက်နက်စွန့်ထွက်ပြေး 

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၁၀၆ ခုကို မဟာမိတ်တပ်များသိမ်းထား၊ စစ်ကောင်စီတပ်များ လက်နက်စွန့်ထွက်ပြေး 
နိုဝင်ဘာ 4, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် ထပ်မံသိမ်းယူနိုင်ခဲ့ပြီးနောက် တပ်စခန်းပေါင်း (၁၀၆)ခု သိမ်းပိုက်ရရှိခဲ့သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထံမှ သိရသည်။

(၁၀၂၇) စစ်ဆင်ရေး (၉)ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်းပေါင်း (၁၀၆)ခုကို သိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားကြောင်း သိရသည်။    

နိုဝင်ဘာလ (၄)ရက်နေ့တွင် MNDAAမှ တုန်းရှမ်းဒေသ၊ ရှောက်ကန်ထန်နေရာရှိ စစ်ကောင်စီ၏ တပ်စခန်း(၃)ခုကို နံနက် (၁၀)နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ (၉)မိနစ်အကြာတွင် အပြီးပြတ်တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် နံနက်(၁၀)နာရီခွဲတွင်လည်း ကိုးကန့်မြောက်ပိုင်း ရှင်းဝမ်ဒေသ၊ ဟုန်ကုတ်ရွာ၊ ကော်တီထန်ပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

မုံးကိုးဒေသတွင်လည်း MNDAAနှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မုံးကိုးမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏ ရှောက်ကွမ်းလုံ အမှတ်(၃)စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၎င်းစခန်းကိုသိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

လက်တလောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုသည် စိတ်ဓာတ်များကျဆင်းနေပြီး MNDAA၏ ထိုးစစ်ဆင်မှုများကို ရင်ဆိုင်နေရသည့်အချိန်တွင် လက်နက်များ စွန့်လွှတ်ကာ ထွက်ပြေးကြသည်ဟု ဆိုသည်။

#TachileikNewsAgency