တာချီလိတ်တွင် ဖမ်းမိထားသည့် တရုတ်နိုင်ငံသား (၁၃၀)ကျော်ကို မိုင်းလားကနေ တဆင့် တရုတ်အစိုးရထံ လွှဲပြောင်းမည်

တာချီလိတ်တွင် ဖမ်းမိထားသည့် တရုတ်နိုင်ငံသား (၁၃၀)ကျော်ကို မိုင်းလားကနေ တဆင့် တရုတ်အစိုးရထံ လွှဲပြောင်းမည်
နိုဝင်ဘာ 14, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်း - လာအိုနယ်စပ်ဒေသ တာချီလိတ်မြို့တွင်  နိုဝင်ဘာလ၏ ပထမပတ်အလွန်က  ဖမ်းမိထားသည့် တရုတ်နိုင်ငံသား စုစုပေါင်း (၁၃၀)ကျော်ကို နိုဝင်ဘာလ(၁၅)ရက်နေ့တွင် မိုင်းလားကနေ တဆင့် တရုတ်အစိုးရထံ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ၏ ပထမပတ်ကနေ နိုဝင်ဘာလ(၇)ရက်နေ့အထိ ဖမ်းမိထားသည့် တရုတ်နိုင်ငံသား စုစုပေါင်း (၁၃၀)ကျော်ကို တာချီလိတ်မြို့နယ်အတွင်း  ရဲစခန်းများရှိ အချုပ်အသီးသီးကနေ တဆင့် ကျိုင်းတုံသို့ ပို့ဆောင်ကာ ယာယီထိန်းသိမ်းထားပြီးနောက် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ကျိုင်းတုံကနေ တဆင့် မိုင်းလားသို့ ပို့ဆောင်ပြီး ထိုမှတဆင့် တရုတ်အစိုးရထံ လွှဲပြောင်းမည်ဟု သိရသည်။

ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား (၁၃၀)ကျော်ထဲမှ အချို့ကို ငွေကြေးရယူပြီး လူစားလဲနိုင်ရန် လူကုန်တားရဲတပ်ဖွဲ့ နှင့် လဝက အပါအဝင် စစ်တပ်ဘက်က အရာရှိအချို့တို့မှ ကြံဆောင်မှုများ ရှိနေကြောင်း နှင့် တရုတ်နိုင်ငံသားများနှင့် အပေးအယူရှိသည့် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်အချို့ကလည်း ငွေပေး ငွေယူလုပ်ပြီး လူစား လဲနိုင်ရန် ကြိုးပမ်းနေကြသည်များလည်း ရှိကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ဖမ်းဆီးပြီး လွှဲပြောင်းမည့် အဆိုပါ တရုတ်နိုင်ငံသားများထဲတွင် တာချီလိတ်မြို့တွင် တရားမဝင် လုပ်ကိုင်နေသည့် ကျားဖြန့် လုပ်ငန်းမှ တရုတ်နိုင်ငံသားများ ပါဝင်ခြင်း ရှိမရှိကိုတော့ မသိရသေးပေ။

တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းဟု ခေါ်သည့် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေလျက်ရှိရာတွင် ၎င်းတို့သည် တာချီလိတ်မြို့နယ်အတွင်း စစ်တပ်နှင့် အဖွဲ့အစည်းအချို့ ၏ အကာအကွယ်ရယူပြီး  ယနေ့အထိ လုပ်ဆောင်နေလျက်ရှိကြောင်း နှင့် အဆိုပါ နေရာများတွင် ဖမ်းဆီးပိတ်လောင်ထားပြီး ခြိမ်းခြောက်ခိုင်းစေခံထားရသည့် နိုင်ငံခြားသားလူငယ်များစွာလည်း ရှိနေကြောင်း သိရသည်။

 

တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက် (၁၁)နာရီ (၁၀)မိနစ်ဝန်းကျင်အချိန်က တရုတ်နိုင်ငံသားအများ အပြားနေထိုင်ရာ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း စံလင်းဖြိုးအိမ်ရာကွင်းအတွင်း မြို့မီးလင်းရေးရုံးအနောက်ဘက်တွင် သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့သေးသည်။

တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား များပြားလာပြီးနောက် အချင်းချင်းပြန်ပေးဆွဲမှုများအထိ ဖြစ်ပွားသည့် ဖြစ်စဉ်များစွာ ရှိခဲ့ပြီး နောက်ဆုံးအနေဖြင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ကလည်း တာချီလိတ်မြို့တွင် တရုတ်အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရမှုလည်း ဖြစ်ပွားခဲ့သေးသည်။