ပါစင်ကျော်ဒေသကို မဟာမိတ်တပ်များ သိမ်းပိုက်

ပါစင်ကျော်ဒေသကို မဟာမိတ်တပ်များ သိမ်းပိုက်
နိုဝင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တုန်းရှမ်းဒေသ အုပ်ချုပ်ရေးရုံးရှိရာ ရှီးယွင်ကြည်ရွာ(ပါစင်ကျော်)ကို မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၉)ရက်နေ့တွင် MNDAAသည် ချင်းရွှေဟော်မှ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တုန်းရှမ်းဒေသ အုပ်ချုပ်‌ရေးရုံးရှိရာ ရှီးယွင်ကြည်ရွာ(ပါစင်ကျော်)ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဗျူဟာကုန်း၏ အနောက်ဘက်တောင်ကုန်းစခန်း၊ ဟဲ့ဟုတ်တောင်စခန်းနှင့် တွဲဖက်စခန်းများ၊ မင်ရွှဲချမ်းအိမ်၏ အနောက်ဘက်တောင်ကုန်းစခန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ရာ  (၄)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းတွင်  စစ်ကောင်စီ၏ (၁၂၈)ဗျူဟာကုန်းအား အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဟုန်ရှင်း(မော်ထိုက်)ဒေသ၊ ချုံကန်ရွာရှိ စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မုံးကိုးဒေသတွင်လည်း မုံးကိုးခရိုင်၊ လိုင်ကျုံနေရာတွင်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု MNDAAထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ(၁၃)ရက်နေ့တွင်လည်း မဟာမိတ်တပ်ဖွဲ့မှ စစ်ကောင်စီ၏ ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

မဟာမိတ်တပ်ဖွဲ့များသည် ယနေ့အထိ စစ်ကောင်စီ၏တပ်စခန်း အကြီး၊ အသေး စုစုပေါင်း(၁၄၁)ခု သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :The Kokang