ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်များဝင်တိုက် နှစ်ဘက်ကျဆုံးမှုရှိ

ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်များဝင်တိုက် နှစ်ဘက်ကျဆုံးမှုရှိ

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်များ အထိုင်ချရာ တပ်ကုန်းတိုက်ပွဲတွင် နှစ်ဘက်ကျဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဘက်ကျဆုံးမှုများပြားခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သော်လည်း ချင်းတော်လှန်ရေးတပ်များဘက်က (၁၃)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတပ်ကုန်းကို ချင်းတော်လှန်ရေးတပ်များဖြစ်သည့် CNA၊ CDF-Zophei၊ CDF-Thantlangနှင့် CDF-Hakha တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA ရဲဘော်(၆)ဦးနှင့် CDF ရဲဘော် (၇)ဦးတို့ ကျဆုံးခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ RPGတစ်လက်၊ MA လက်နက် (၄)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထန်တလမြို့ တပ်ကုန်းစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများနှင့်ဗုံးသီးချတိုက်ခိုက်ပြီးနောက် မြေပြင်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ချင်းတော်လှန်ရေးတပ်များဘက်က ရဲဘော်များ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency