တာချီလိတ်မြို့တွင် ယနေ့ ည၏ (၅)လုံးမြောက်အဖြစ် ဗုံးတစ်လုံး ထပ်ကွဲ

တာချီလိတ်မြို့တွင် ယနေ့ ည၏ (၅)လုံးမြောက်အဖြစ် ဗုံးတစ်လုံး ထပ်ကွဲ
ဖေဖော်ဝါရီ 27, 2023 | 2021 Military Coup| ရှမ်းရှေ့



 

တာချီလိတ်မြို့တွင် ယနေ့ ည၏ (၅)လုံးမြောက်အဖြစ် ဗုံးတစ်လုံး ည(၁၁)နာရီ (၂၅)မိနစ်ဝန်းကျင်အချိန်က ထပ်မံပေါက်ကွဲကြောင်း သိရသည်။

အဆိုပါ ဗုံးမှာ ဗုံး(၄)လုံး ဆက်တိုက်ကွဲခဲ့သည့် ကြံ့ဖွံ့ပါတီရုံးတွင်ဖြစ်ပြီး ပထမ(၄)လုံး ဆက်တိုက်ကွဲစဉ်က မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်မှူး ဦးစိုင်းခမ်းဟိန်း အပါအဝင် (၅)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိသည်ဟု သိရသည်။

ယခု နောက်ဆုံးကွဲသည့် ဗုံးမှာ အသံပိုမိုပြင်းထန်ကြောင်း နှင့် ယင်းသို့ ပေါက်ကွဲစဉ်တွင် ကြံ့ဖွံ့ပါတီရုံးတွင် စစ်သားနှင့်ရဲများရှိသည်ဟု သိရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရသေးပေ။

"ရဲတွေ စစ်သားတွေတော့ မပြန်သေးဘူး။ သူတို့ ထိ မထိတော့ မသိရသေးဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

ကြံ့ဖွံ့ရုံးအတွင်း စစ်တပ်နှင့်ရဲ ပေါင်းပြီး ဗုံးရှာဖွေမှုများ ပြုလုပ်အပြီး (၁)နာရီကျော်အကြာတွင် (၅)လုံးမြောက် ဗုံး ထပ်မံပေါက်ကွဲခြင်းလည်း ဖြစ်သည်။

 ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်ကနေ ည(၉)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်အထိ ကြံ့ဖွံ့ပါတီရုံး၏ အနောက်တွင် ဗုံး(၄)လုံး ပေါက်ကွဲခဲ့ပြီးနောက်  ည(၁၁)နာရီ (၂၅)မိနစ်ဝန်းကျင်အချိန်တွင် (၅)လုံးမြောက် ဗုံး ထပ်မံ ပေါက်ကွဲခြင်းဖြစ်သည်။

အဆိုပါ ဖောက်ခွဲမှုများကို  အရှေ့ပိုင်း နဂါးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားရှိသည်။ 

#TachileiknewsAgency