‌‌ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ  စစ်ကောင်စီတပ်သားများကို ဇွန်လ(၁)ရက်နေ့တစ်ရက်တည်းတွင် နေရာ(၃)နေရာတွင် မိုင်းခွဲတိုက်ခိုက်

‌‌ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ  စစ်ကောင်စီတပ်သားများကို ဇွန်လ(၁)ရက်နေ့တစ်ရက်တည်းတွင် နေရာ(၃)နေရာတွင် မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် မိုင်းဖော်နေသည့် စစ်ကောင်စီ တပ်သားများကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ မနက်ပိုင်းက မိုင်း(၁၈)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခဲ့မှုအပါအဝင် မတူညီသော နေရာ(၃)နေရာတွင် စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ရေစကြိုမြို့နယ်ထံမှ သိရသည်။

ခလရ(၂၅၈)မှ ထွက်လာသော စစ်ကောင်စီတပ် အင်အား(၄၀) ဝန်းကျင်သည် တောင်အိုတာတိုင်ဂိတ်သို့ အင်အားဖြည့်တင်းရန်သွားစဉ် ကံသစ်နှင့် ကြီးကံကြားတွင် ထောင်ထားသည့်မိုင်းများအားတူးဖော်နေစဥ် ဒေသကာကွယ်ရေးတပ်က မိုင်း(၁၈)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ (၆)ဦးသေဆုံးခဲ့ပြီး (၈)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အတည်ပြု ထုတ်ပြန်ထားသည်။

ဇွန်လ(၁)ရက်နေ့ နေ့လည်(၁၁)နာရီခန့် တွင် စစ်ကောင်စီတပ်မှ အောင်မိုးလမ်းစုံသို့ ကင်းပုန်းဝပ်ပြီးအပြန် အင်အား(၃၀)ခန့်တင်ဆောင်လာသော ဖောကားကို ဒေသကာကွယ်‌ရေးတပ်မှ မိုင်း(၅)လုံးတွဲ နှစ်တွဲဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ပြီး လက်လုပ်(၄၀)မမနှစ်လုံးဖြင့် လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် နေ့လည်(၂)နာရီခန့်က မြို့ပေါ်သို့ အင်အားဖြည့်တင်းရန်သွားသော စစ်ကောင်စီတပ်ကို မြို့အဝင်ဘက်စုံခြံအနီးအရောက်တွင် မိုင်း(၃)လုံးတွဲ နှစ်တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များအနေဖြင့် အထိအခိုက်အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့