ညောင်ပင်သာရဲစခန်းသို့ တော်လှန်ရေးတပ်ဖွဲ့အနည်းငယ်သာ ဝင်နိုင်ဟု စစ်ကောင်စီပြောခွင့်ရ လိမ်လည်၊ တော်လှန်ရေးတပ်များက စခန်းအားမီးရှို့ကာ သိမ်းဆည်းရရှိလက်နက်ခဲယမ်းများ ထုတ်ပြန်

ညောင်ပင်သာရဲစခန်းသို့ တော်လှန်ရေးတပ်ဖွဲ့အနည်းငယ်သာ ဝင်နိုင်ဟု စစ်ကောင်စီပြောခွင့်ရ လိမ်လည်၊ တော်လှန်ရေးတပ်များက စခန်းအားမီးရှို့ကာ သိမ်းဆည်းရရှိလက်နက်ခဲယမ်းများ ထုတ်ပြန်

ပဲခူးတိုင်း ဖြူးမြို့  ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့အနည်းငယ်သာ ဝင်ရောက်နိုင်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လိမ်လည်ပြောဆိုလာသည်။

ညောင်ပင်သာရဲစခန်းအား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သော်လည်း ဇော်မင်းထွန်းက ယင်းသို့ လိမ်လည်ပြောဆိုလာခြင်းဖြစ်သည်။

"ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွံ့ရွံ့ချွန်ချွန် ခုခံချေမှုန်းမှုကြောင့် ရန်သူစခန်းထဲကို အနည်းငယ် ဝင်ရောက်ပြီးနောက်ပိုင်းမှာ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ် ခွာသွားခဲ့ရကြောင်း တွေ့ရှိခဲ့ရပါတယ်။"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက လိမ်လည်ပြောဆိုသည်။

အဆိုပါစခန်းကို တော်၀င်ဒေါင်းစစ်ကြောင်းနှင့် ရိုးမစစ်ကြောင်း(၁) အာဠာဝက စစ်ကြောင်း၊  BLPAနှင့် KNLA ပူးပေါင်း တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ပြီး နံနက်(၅)နာရီတွင် စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု တော်လှန်ရေးတပ်များက ဓာတ်ပုံနှင့်တကွထုတ်ပြန်ခဲ့သည်။ 

စခန်းတွင် စစ်ကောင်စီတပ်အင်အား (၆၀)ခန့်ရှိသည့်အနက် (၃၀)ခန့် သေဆုံးခဲ့ကာ စခန်းအား သိမ်းပိုက်ရရှိပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပြီး အထိခိုက်အကျဆုံးများစွာဖြင့် စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာထွက်ပြေးသွားသည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ RPG ထိပ်ဖူး (၂၁)လုံး၊ RPG ပို့ယမ်း (၁၇)ခု၊ (၉)မမ ကျည်(၈၀)တောင့်၊ (၆၀) မမ ဗုံးသီး (၂၇)ခု၊ G2 တစ်လက်၊ G3 (၂)လက်၊ ပြောင်းချော (၄)လက်၊ BA 94 (၂)ခု၊ MA-13 တစ်လက်၊ Tear Gas Gun (၂)ခု၊ လက်ပစ်ဗုံး (၆)လုံး၊ G3 ကျည်(၂၃၁)တောင့်၊ (၅.၅၆)ကျည် (၁၄၃)တောင့်၊ လက်ထိပ် (၄)ခု၊ လက်တော့တစ်လုံး၊ မျက်ရည်ယိုဗုံး (၄၆)လုံး၊ အသံဗုံးတစ်လုံး၊ ကျည်ကာ(၂)ခု၊ ဦးထုပ် (၅)လုံး၊ G3 ကျည်ဘောက် (၆)ခုနှင့် (၉)လုံးကျည် (၂၀၁)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: တော်၀င်ဒေါင်းစစ်ကြောင်း