ကွမ်းလုံ-နန်ဟူ-ချင်းရွှေဟော်-တုန်ရှမ်းဒေသ တာတုံအထိ နေရာတကြောလုံးကို မဟာမိတ်တပ်များ ထိန်းချုပ်

ကွမ်းလုံ-နန်ဟူ-ချင်းရွှေဟော်-တုန်ရှမ်းဒေသ တာတုံအထိ နေရာတကြောလုံးကို မဟာမိတ်တပ်များ ထိန်းချုပ်
နိုဝင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

မဟာမိတ်တပ်များသည် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် ကွမ်းလုံမြို့အနောက်ဘက်ရှိ ဟွမ်ချောက်‌ပေါက်ပေါက် တောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလလ (၆)ရက်နေ့တွင် သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကွမ်းလုံ‌မြို့၏ မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (၆)ရက်အကြာ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ကွမ်းလုံမြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့နယ်တစ်ခုလုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ခဲ့ကာ ကွမ်းလုံ-နန်ဟူ-ချင်းရွှေဟော်-တုန်ရှမ်းဒေသ တာတုံအထိ နေရာတကြောလုံးကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ကွမ်းလုံမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ (၁၂၂)မမ အတွဲလိုက်ဒုံး၊ (၁၂၂)မမ ဟောင်ဝီဇာအမြောက်၊ (၁၂၂)မမ အတွဲလိုက်ဒုံး၊ ယဥ်များ၊  EE-9 သံချပ်ကာ၊ MT-LB သံချပ်ကာ၊ BTR-3U သံချပ်ကာနှင့် လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

၁၉၆၉ခုနှစ်မတိုင်ခင်အချိန်အထိ ကွမ်းလုံ‌ဒေသသည် ကိုးကန့်၏ ဥပဒေစိုးမိုးမှုအောက်တွင်တည်ရှိခဲ့ပြီးနောက် စစ်အစိုးရ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

၁၉၇၀ ခုနှစ်တွင် ဗကပ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် ကွမ်းလုံတွင်အခြေချသည့် စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့‌သော်လည်း ရက်(၄၀)ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်၏ တပ်စခန်းများကို မသိမ်းယူနိုင်ခဲ့ပေ။

ထိုအချိန်မှစပြီး ကွမ်းလုံကို စစ်အစိုးရက ထိန်းချုပ်ခဲ့ပြီး ကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် စစ်တပ်က ၎င်းတပ်စခန်းကို  ခိုင်မာသည့် ခံတပ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

MNDAAသည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး၊ မူပန်(သိန္နီ)စသည့်နေရာရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော်၊ မုံးကိုးနှင့် ကွမ်းလုံ စသည့်မြို့နယ်များကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁)၏ အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang