တာချီလိတ်မြို့တွင် လဝကရုံးနှင့်ဆောက်လုပ်ရေးရုံးအနီး ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းနဂါးအဖွဲ့ သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင် လဝကရုံးနှင့်ဆောက်လုပ်ရေးရုံးအနီး ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းနဂါးအဖွဲ့ သတင်းထုတ်ပြန်
ဖေဖော်ဝါရီ 2, 2023 | 2021 Military Coup| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က ဖြစ်ပွားသည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းနဂါးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ရုံးဌာနများနှင့် ခပ်ဝေးဝေးနေကြရန် မေတ္တာရပ်ခံချက် ထုတ်ပြန်လာသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း မြို့နယ်လဝကရုံး နှင့် ဆောက်လုပ်ရေးရုံး အနီးတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ညက ဖောက်ခွဲမှု ပြုလုပ်ရာ အဆိုပါ ဖောက်ခွဲမှုကို စစ်တပ်နှင့်ရဲက ဗျောက်အိုးအကြီးစား ပေါက်ခြင်းသာဖြစ်သည်ဟု သတင်းလွှင့်ထားသော်လည်း ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် အဆိုပါ ဗုံးဖောက်ခွဲမှုကို အရှေ့ပိုင်းနဂါးအဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

မြို့နယ်လဝကရုံး နှင့် ဆောက်လုပ်ရေးရုံး အနီးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသတွင်း ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်များကိုသာ အဓိက ဦးစားပေး ဖော်ပြနေသည့် Facebook Page တခုက စစ်တပ်နှင့်ရဲတို့၏ ပြောသည့်အတိုင်း ဗျောက်အိုးပေါက်ခြင်းတာ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

အရှေ့ပိုင်း နဂါးအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ တော်လှန်ရေးများကို ဆက်လက်ပြီး လုပ်ဆောင်တော့မည်ဖြစ်၍ ဒေသခံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ ရုံးများနှင့် တက်နိုင်သမျှ ဝေးဝေးနေကြရန်လည်း မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

အရှေ့ပိုင်းနဂါးအဖွဲ့အား ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်မည့် လူငယ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည်။