နမ့်ခမ်းမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

နမ့်ခမ်းမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၉)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကျေးရွာ(၁၄)ရွာအတွင်း မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦး မြေပိသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနှင့် မန်စပ်ရွာ စသည့် ကျေးရွာ(၁၄)ရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြိုမှုကြောင့် နေအိမ် (၂၆)လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်း၊ သီလရှင်ကျောင်း(၁)ကျောင်း ပျက်စီးသွားခဲ့ရပြီး ကျေးရွာ(၆)ရွာအတွင်းရှိ လမ်းများ ပြိုကျပျက်စီးသွားခဲ့ကာ ပန်ခါးရွာနှင့် ပန်လောရွာသို့ဆက်သွယ်ထားသည့် တံတား(၂)စင်းလည်း ကျိုးကျပျက်စီးသွားသဖြင့် လမ်းပိတ်နေသည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဩဂုတ်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြေပြိုမှုကြောင့် နေအိမ်များအပြင် နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းများ၊ ဆန်၊ ဆိုင်ကယ်နှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများ မြေစာပိပြီး ပျက်စီးဆုံးရှုံးသွားခဲ့ရကာ ကာလတန်ဖိုး ကျပ်သိန်း(၈၀၀)ဝန်းကျင် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန