တီးတိန်မြို့နယ်ရှိ သိုင်းငင်းစစ်ကောင်စီတပ်စခန်း ချင်းအမျိုးသားတော်လှန်ရေးတပ်များသိမ်း၊ လက်နက်ခဲ ယမ်းများစွာရရှိ

တီးတိန်မြို့နယ်ရှိ သိုင်းငင်းစစ်ကောင်စီတပ်စခန်း ချင်းအမျိုးသားတော်လှန်ရေးတပ်များသိမ်း၊ လက်နက်ခဲ ယမ်းများစွာရရှိ
ဇန်နဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂)ရက်နေ့က စတင်တိုက်ခိုက်နေသည့် အဆိုပါ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးခြင်းကြောင့် တော်လှန်ရေးတပ်များဘက်ကလည်း ထိခိုက်၊ ကျဆုံးရဲဘော်များရှိခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ဘက်ကလည်း အသက်ပေး၊ ဒဏ်ရာရသူရှိတယ်။ သိုင်းငင်း-ကလေးနားက သိုင်းငင်းတပ်စခန်းကို သိမ်းတာပါ။ သူတို့စခန်းချထားတာတော့ကြာပြီ။ ကျွန်တော်တို့ဘက်က စခန်းကို အရင်က ခဏခဏတိုက်ကြတယ်။ အခုမှသိမ်းပိုက်နိုင်ခဲ့တာပါ။ ကလေးမြို့ကနေ လက်နက်ကြီးတွေနဲ့ပစ်ကူတယ်။ လေကြောင်းကနေလည်း တစ်ခါလာ နှစ်ကြိမ်ပစ်ကူတယ်။ စခန်းကတော့ အကြီးကြီးတော့မဟုတ်ဘူး။ ခံစစ်ကတော့ ကောင်းတယ်။”ဟု CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

အဆိုပါတပ်စခန်းသည် ကလေး-ဖလမ်း-ဟားခါး လမ်းမဘေး၊ သိုင်းငင်းကျေးရွာတွင်ရှိပြီး ၎င်းတပ်စခန်းကို သိမ်းပိုက်ရရှိပြီးနောက် တီးတိန်မြို့တွင်း၌သာ စစ်ကောင်စီတပ်စခန်းရှိတော့ကြောင်း ချင်းအမျိုးသားတော်လှန်ရေးတပ်များက ဆိုသည်။

“CNA ဦးဆောင်မှုနဲ့သိမ်းတာပေါ့။ စခန်းသိမ်းတာကနေ လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်လဲဆိုတာကတော့ မသိရသေးဘူး။ CNAက တရားဝင်ထုတ်ပြန်ပါလိမ့်မယ်။ အရင်တုန်းကတော့ အဲဒီတပ်စခန်းအောက်က စခန်းတွေကို သိမ်းနိုင်ခဲ့ပြီပေါ့နော်။ အခု အဓိကစခန်းလို့ပြောလို့ရတာပေါ့။ အခုဆိုရင်တော့ မြို့ပေါ်တွေမှာပဲ စစ်ကောင်စီတပ်စခန်းတွေရှိပါတော့တယ်။”ဟု CDF-KKGမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CAN)၊ CDF Hakha၊ CDF Thantlang၊ CDF Hualngoram၊  CDF Zangiat၊  CDF-KKG၊ PDA၊ TCDFတို့ကပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency