ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို သိမ်းပိုက်နိုင်ပြီး လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ဟု KNDF ထုတ်ပြန်

ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို သိမ်းပိုက်နိုင်ပြီး လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ဟု KNDF ထုတ်ပြန်
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်ခဲ့ရာ စခန်းပေါင်း(၇)ခု သိမ်းယူနိုင်ခဲ့သည်ဟု KNDFဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ နှစ်ကာလအတန်ကြာ အထိုင်ချတပ်ဆွဲထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယိုနှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို ယနေ့ နံနက် (၅)နာရီ အချိန်မှစ၍ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း (၃)ကြောင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို၊ လွိုင်ကော်နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သည့်အပြင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများကို တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀)နီးပါး လာရောက်ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်(၁)စီးအား KNDF-B01နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်၍ ပျက်ကျခဲ့ကာ လေယာဉ်အတွင်း ပါဝင်သူနှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းဆီးရရှိခြင်းများလည်း ရှိခဲ့သည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၀၀)ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ရဲဘော်တချို့ကျဆုံးခဲ့ရပြီး မြို့သိမ်းတိုက်ပွဲများပြုလုပ်ရာတွင် အရပ်သားပြည်သူလူထုနှင့် အဆောက်အဦး ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများနှင့် သက်ဆိုင်ရာ ကြိုတင်ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

တိုက်ခိုက်မှုကို ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA၊ KNDF၊ KNPLF၊ DMO PDF၊ Loikaw PDF၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF၊ မြို့ပြပြောက်ကျားတပ်နှင့် ရှမ်းတောင် PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : KNDF