ပဇီကြီးကျေးရွာအတွင်း  လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးသူ ကလေးသူငယ်များ အပါအဝင် (၁၆၈)ဦးရှိကြောင်း NUG ထုတ်ပြန်

ပဇီကြီးကျေးရွာအတွင်း  လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးသူ ကလေးသူငယ်များ အပါအဝင် (၁၆၈)ဦးရှိကြောင်း NUG ထုတ်ပြန်

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပဇီကြီးကျေးရွာတွင် ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အပါအဝင်  အပြစ်မဲ့အရပ်သား စုစုပေါင်း (၁၆၈)ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဧပြီလ(၁၃)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူများတွင် အသက်(၁၃)နှစ်အောက် ကလေးသူငယ် (၂၅)ဦး အပါအဝင် ဗုံးကြဲခံရမှုကြောင့် တစစီဖြစ်သွားရသည့် ခန္ဓာကိုယ်များကို လိုက်လံကောက်ယူရသော အချက်အလက်များအရ အသက်အရွယ် ခွဲခြား၍ မရသည့် ကလေးသူငယ် (၁၀)ဦး နှင့် အသက်ခွဲခြားမရသည့် လူကြီး (၃၁)ဦး အပါအဝင် စုစုပေါင်း သေဆုံးသူမှာ အမျိုးသား(၁၁၈)ဦး နှင့် အမျိုးသမီး (၄၆)ဦး အပြင် မျက်နှာများ ပျက်စီးသွားမှုကြောင့် ကျား၊မ ခွဲခြားမရသည့် အလောင်း(၄)လောင်း အပါအဝင် စုစုပေါင်း (၁၆၈)ဦး ရှိကြောင်း သိရသည်။

"အလောင်းတွေက (၁)ရက်တည်းနဲ့ ကောက်လို့ မပြီးဘူး။ တော်တော်များများက ခန္ဓာကိုယ် တစ်စစီဖြစ်တာတွေကများတော့ လက်တွေ ခြေတွေ ပြတ်ထွက်တာတွေကလည်း ဘယ်သူ့ဟာတွေမှန်း မသိလောက်တဲ့အထိကို ဖြစ်နေတာ။ တချို့အလောင်းတွေဆိုရင် မျက်နှာကိုတောင် မသိနိုင်တော့ဘူး လုံးဝ ပျက်စီးပြီး တစစီဖြစ်နေတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ဧပြီလ(၁၄)ရက်နေ့တွင် ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဇီးကြီးကျေးရွာအတွင်း တည်နေရာကို အကွာအဝေး တွက်ချက်ပြီး လေကြောင်း အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်သည်ဟု ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့နှင့် ဧပြီလ(၁၄)ရက်နေ့တို့တွင် အာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာ အပါအဝင် ၎င်းတို့၏ Website တို့တွင် သတင်းထုတ်ပြန်ထားရှိသည်။

အပြစ်မဲ့ အရပ်သား ပြည်သူ (၁၆၈)ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရခြင်းသည် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ PDF တို့၏ မိုင်းများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဗြောင်ငြင်းဆန်ထားသေးသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပဇီကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး လူအစုလိုက် အပြုံလိုက် သေဆုံးမှုကို စိတ်မကောင်း၍ လူမှုကွန်ယက် Facebook အကောင့်၏ Profile များကို အနက်ရောင် ပုံများ ပြောင်းလဲအသုံးပြုနေကြရာ ယင်းသို့ လုပ်ဆောင်၍ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ အများအပြားလည်း ရှိနေသည်။