ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို MNDAA ယနေ့ ထပ်သိမ်း

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို MNDAA ယနေ့ ထပ်သိမ်း
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ရှီယွင်ကြည်ရွာအနီးရှိ ဟဲ့ဟုတ်တောင်ရှိ (၁၂၈)ဗျူဟာကုန်း၏ တွဲဖက်စခန်း(၄)ခုကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်‌နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း MNDAAထံမှ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့ဝင် (၂)ဦးအား ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယွင်ကြည်ရွာအနီးရှိ စစ်ကောင်စီဗျူဟာကုန်း၏ တွဲဖက်တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခဲ့ရာ စစ်ကောင်စီတပ်၏ လားရှိုးတိုင်းစစ်ဌာနချုပ်ကိုလည်း အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သီန္နီမြို့နယ်တွင်လည်း MNDAAသည် လားရှိုးအမှတ်(၂) ရဲစခန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ၏ (၄၁)ဗျူဟာကုန်းကိုလည်း တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် နိုဝင်ဘာလ (၁၀)ရက်နေ့ကလည်း ကိုးကန့်ခရိုင် ချုံကန်ရွာအုပ်စု၊ မိုင်းဟုန်အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်း၊ ဖုန်းချွေးတောင်တပ်စခန်း၊ တာတုန်းစခန်းနှင့် ဟဲ့ဟုတ်တောင်ဗျူဟာကုန်းအနီးစခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီအဖွဲ့ဝင်(၁)ဦးဖမ်းဆီရမိပြီး M-16 သေနက်(၁)လက်၊ ကျည်ဘောက်(၁)ခုနှင့် ကျည်အတောင့် (၂၅)တောင့် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့သည် မဟာမိတ်တပ်များ၏ (၁၀၂၇)စစ်ဆင်ရေး (၁၆)ရက်မြောက်နေ့တွင် MNDAAနှင့် ရက္ခိုင့်တပ်‌တော်(AA)တို့သည် စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်း (၁၃၆)ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကာ TNLAတပ်များ သိမ်းပိုက်ရရှိခဲ့သည့် တပ်စခန်းများပါရှိပါက စခန်းပေါင်း(၁၅၀)ကျော်ကို သိမ်းပိုက်ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency