မတ္တရာမြို့နယ်တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်တို့ အချင်းချင်း မှားပစ်မှုဖြစ်၊ ပူးပေါင်းတပ်များနှင့်လည်း တိုက်ပွဲပြင်းထန်နေ

မတ္တရာမြို့နယ်တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်တို့ အချင်းချင်း မှားပစ်မှုဖြစ်၊ ပူးပေါင်းတပ်များနှင့်လည်း တိုက်ပွဲပြင်းထန်နေ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို TNLA ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်၏ စကခ(၁) စစ်တပ်ဝင်းအတွင်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံမှ သိရသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှစ၍ နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ မဟာမိတ် TNLAနှင့် မတ္တရာမြို့နယ်ဒေသခံ ပူးပေါင်းတပ်ဖွဲ့များသည် အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

ထို့နောက် ထွက်ပြေးသွားသည့် ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ (၁၅)မိနစ်ကြာ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကာ တိုက်ပွဲများအတွင်း ပျူစောထီးခေါင်းဆောင်တစ်ဦးအပါအဝင် အများအပြား သေဆုံးခဲ့သည်ဟု ဆိုသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် မတ္တရာမြို့နယ်၌ စစ်ကောင်စီတပ် အင်အား(၈၀၀)ဝန်းကျင်ဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ တိုက်ပွဲနှင့်ဝေးသော ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြရန် မေတ္တာရပ်ခံ ထားသည်။

နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ကျောက်မဲမြို့အခြေစိုက် စကခ(၁) စစ်တပ်ဝန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က Droneဖြင့် ဗုံးသီး(၈)လုံးချ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo : Mandalay People's Defence Force