လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ  ၊ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအား အသုံးမပြုရန် မေတ္တာရပ်ခံ

လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ  ၊ လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအား အသုံးမပြုရန် မေတ္တာရပ်ခံ
By Tachileik News Agency

ကရင်နီပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးအခြေအနေများအရ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် လွိုင်ကော် - ဒီးမော့ဆို ၊ လွိုင်ကော်- မိုးဗြဲ  နှင့် လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအား အသုံးမပြုကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် မေတ္တာရပ်ခံထားသည်။

အဆိုပါနေရာများအနီးတဝိုက်တွင် နိုဝင်ဘာလ (၁၁)ရက်နေ့ မှစ၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အများပြည်သူများအနေဖြင့် ခရီးသွားလာခြင်းနှင့် နေအိမ်ပြင်ပထွက်၍ သွားလာခြင်းများအား မလိုအပ်လျှင် မပြုလုပ်ကြဘဲ လုံခြုံသောနေရာတွင် နေကြရန် အထူးတိုက်တွန်းပါသည်ဟု KNDF က အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် အများပြည်သူအနေဖြင့် စစ်ရေးသတင်းများကိုလည်း မလိုအပ်သေးပါက လူမှုကွန်ယက်တွင် ရေးသားမျှဝေခြင်းများ မပြုလုပ်ကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များကြား ယနေ့နံနက်ပိုင်း၌ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။