မယ်ဆိုင်တွင် ထိန်းသိမ်းထားသည့် AA ခေါင်းဆောင်၏ ဇနီးကို မြန်မာသို့ ပြန်လွှဲရန် အစီအစဉ်မရှိသေး

မယ်ဆိုင်တွင် ထိန်းသိမ်းထားသည့် AA ခေါင်းဆောင်၏ ဇနီးကို မြန်မာသို့ ပြန်လွှဲရန် အစီအစဉ်မရှိသေး
ဒီဇင်ဘာ 8, 2019
By Tachileik News Agency
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေး (၂) ဦးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်  ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ မပြီးသေး၍ နေရပ်ပြန်ပို့ရန် အစီအစဉ်မရှိသေးကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ အသက် (၃၈) နှစ်အရွယ် ဒေါ်နှင်းဇာဖြူ၊ အသက် (၁၁) နှစ်အရွယ် သမီးဖြစ်သူ စောပြည့်ရှင်နှင့် အသက် (၁၁) လအရွယ် သားဖြစ်သူ မြတ်လင်းဇံတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ချင်းမိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်နှင်းဇာဖြူနှင့် ကလေးနှစ်ဦးသည် တရုတ်နိုင်ငံဘက်မှ တစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ရောက်ရှိစဉ် မြန်မာနိုင်ငံဘက်မှ ၎င်း၏ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းထားပြီးဖြစ်၍ တရားမဝင် ဝင်ရောက်မှုဖြင့် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဆိုသည်။
ဒေါ်နှင်းဇာဖြူနှင့် ကလေး (၂) ဦးကို ဒီဇင်ဘာလ (၆)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှနေ၍ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးမည်ဟု သတင်းများထွက်ခဲ့သော်လည်း ၎င်းတို့အား လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းအရ စစ်ဆေးမှုများ လုပ်ဆောင်ဆဲသာဖြစ်၍ နေရပ်ပြန်ပို့ရေး သို့မဟုတ် အခြားနိုင်ငံတစ်ခုသို့ ပို့ဆောင်ရေး တို့ကို စဉ်းစားရမည့် အဆင့်မရောက်သေးကြောင်း ထိုင်းတာဝန်ရှိသူများက ပြောဆိုထားသည်။
ယင်းကဲ့သို့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ထိုင်းအစိုးရကို ဝေဖန်မှုများရှိနေပြီး မြန်မာဘက် ပြန်မပို့ရန် တောင်းဆိုမှုများလည်း ရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါ်နှင်းဇာဖြူနှင့် ကလေး (၂) ဦးကို မယ်ဆိုင်မြို့တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
Tachileik News Agency
Ref: Bangkok Post


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~