ဒီးမော့ဆို မြို့နယ်အတွင်း စခန်းစွန့်ခွာထွက်ပြေးခဲ့ကြရသည့် စစ်ကောင်စီတပ်များက စခန်းများ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းသုံးပြီး တစ်နေကုန် ထိုးစစ်ဆင်

Photo:  ဒီးမော့ဆို PDF
Photo:  ဒီးမော့ဆို PDF
ဒီးမော့ဆို မြို့နယ်အတွင်း စခန်းစွန့်ခွာထွက်ပြေးခဲ့ကြရသည့် စစ်ကောင်စီတပ်များက စခန်းများ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းသုံးပြီး တစ်နေကုန် ထိုးစစ်ဆင်
ဒီဇင်ဘာ 3, 2022 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များ စွန့်ခွါထွက်ပြေးသွားသည့် စခန်းများကို ပြန်လည်ရရှိရေး အင်အားအလုံးအရင်းဖြင့် ယနေ့ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထိုးစစ်ဆင်လာရာ ဒေသကာကွယ်ရေးပူးပေါင်းတပ်များနှင့် တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း  ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်၊ ကြာဖူးဒေါးကျေးရွာ အပါအဝင် သေးဆူလဲ၊ ကုန်းသာကျေးရွာတို့ကို စစ်ကြောင်း (၃)ကြောင်း အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့က တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ကြာဖူးဒေါးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အထိနာသည့်စစ်ကောင်စီတပ်သည် ငွေတောင်ခြေစိုက် ခလရ (၁၀၂)တပ်ရင်းနှင့် အမတ(၃၅၆) တပ်ရင်းမှ လက်နက်ကြီးဖြင့်တစ်နေကုန် ပစ်ကူပေးခဲ့သည့်အပြင်  တိုက်လေယာဉ်(၂)စီးဖြင့် ညနေ(၄)နာရီဝန်းကျင် (၈) ကြိမ်ခန့်၊ ညနေ(၅)နာရီတွင်(၃)ကြိမ် ခန့်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် ဒီးမော့ဆို PDF၊ KA၊ KNDF နှင့် အခြားတော်လှန်ရေးအင်အားစုများပူးပေါင်းကာ ခုခံတိုက်ပွဲဝင်ခဲ့ပြီး ဒီးမော့ဆို PDF ရဲဘော်(၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် အသိပေးထုတ်ပြန်ထားသည်။

ဒီး‌မော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် သေးဆူလဲစခန်းကို နိုဝင်ဘာလ (၂၉)ရက်တွင် ဒေသကာကွယ်ရေးပူး ပေါင်းတပ်က ဝင်ရောက်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် သေးဆူလဲစခန်းအပြင် ကုန်းသာကျေးရွာရှိ တပ်စွဲထားသော တပ်စခန်းကိုလည်း စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်။

#TachileikNewsAgency