UWSA “ဝ” ပြည်အတွင်း စစ်ရှောင် တစ်သောင်းခွဲဝန်းကျင် ခိုလှုံနေဆဲဖြစ်ပြီး စစ်ရှောင်များထံမှ ဖုန်းနှင့်ပစ္စည်းများ သိမ်းဆည်းခြင်းမရှိ

UWSA “ဝ” ပြည်အတွင်း စစ်ရှောင် တစ်သောင်းခွဲဝန်းကျင် ခိုလှုံနေဆဲဖြစ်ပြီး စစ်ရှောင်များထံမှ ဖုန်းနှင့်ပစ္စည်းများ သိမ်းဆည်းခြင်းမရှိ
နိုဝင်ဘာ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူ တစ်သောင်းခွဲဝန်းကျင်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့အထိ ခိုလှုံနေကြဆဲဖြစ်ပြီး "ဝ"ပြည်တွင်း ဝင်လာသည့် စစ်ရှောင်များထံမှ ဖုန်းနှင့် ပစ္စည်းများကိုလည်း သိမ်းဆည်းခြင်းမရှိဟု UWSA မှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

ဖုန်းနှင့်ပစ္စည်းများ ထားခဲ့ရစဉ်

“ဖုန်းနဲ့ တခြားပစ္စည်းတွေ သိမ်းတယ်ဆိုတဲ့ကိစ္စက ကျွန်တော်တို့ "ဝ"ပြည်နဲ့ မဆိုင်ပါဘူးနော်။ ကျွန်တော်တို့ ဒီကိစ္စတွေ လုပ်စရာအကြောင်းလည်း မရှိပါဘူး။ ဒီကိစ္စတွေ တခြားနေရာမှာ ဖြစ်တယ်လို့လည်း ကျွန်တော်တို့ တွေ့နေရပါတယ်” ဟု UWSA “ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံး(လားရှိုး) ၏ တာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကို ပြောသည်။

 

"၀"ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်လိုသူ (၁၀၀၀)ဝန်းကျင်သည် ပါစင်ကျော်ကျေးရွာအနီးတွင် ရှေ့ဆက်မသွားရန် လက်နက်ကိုင်အဖွဲ့များက တားဆီးထားပြီး ဖုန်းနှင့် အိတ်များအားလုံးအား သုံးစွဲခွင့်မပြုဘဲ စုပုံထား ရကြောင်း ယနေ့တွင် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်သည့် တိုက်ပွဲများကြောင့် UWSA  "ဝ"ပြည်ရှိ နမ့်တစ်ဒေသသို့ စစ်ဘေးရှောင်များ စတင် ဝင်ရောက် ခိုလှုံလာကြသည့်အတွက် UWSA က စစ်ရှောင်များအား လက်ခံကာ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားဒေသများသို့ ဆက်လက်ထွက်ခွာလိုသူများအား ပို့ဆောင်ခြင်းများ လုပ်ပေးနေသည်ဟု သိရသည်။

“ကျွန်တော်တို့ "ဝ"ပြည်အတွင်း ဝင်လာတဲ့ စစ်ဘေးရှောင်တွေကို သူတို့ရဲ့ နေထိုင်စားသောက်ရေး၊ နောက်ဆေးကုသရေးအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်မှုတွေ ရှိနေပါတယ်။ စစ်ရှောင်တွေအတွက် နေထိုင်စားသောက်ရေး၊ ဆေးကုသမှု၊ ပို့ဆောင်ပေးမှုအားလုံးကို အခမဲ့ ကူညီပေးထားပါတယ်’။ အသက်ကြီးသူ၊ ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ထောက်ပံ့မှုတွေပါ လုပ်ပေးနေပါတယ်”ဟု ဦးညီရမ်းက ဆိုသည်။

 

UWSA  "ဝ"ပြည်အတွင်းသို့ ချင်းရွှေဟော်၊ ကွမ်းလုံ၊ နမ့်ဟူးနှင့် လောက်ကိုင်ဒေသများမှ စစ်ဘေးရှောင်သူများ ဝင်ရောက်လာကြခြင်းဖြစ်ပြီး အချို့မှာ ဆက်လက်ခိုလှုံနေပြီး အချို့မှာ အခြားဒေသများသို့ ဆက်လက်ထွက်ခွာကြသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့က operation 1027 ဖြင့် စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့မှစ၍ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ တိုက်ပွဲဖြစ်ဒေသများမှ ဒေသခံများမှာ နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: UWSA, CJ