ဆီဆိုင်မြို့တွင်တိုက်ပွဲပြင်းထန်၊ လွယ်ဆံဆစ်ရွာကို စစ်ကောင်စီတပ်စွဲကာ လက်နက်ကြီးပစ်ကူရန်ပြင်ဆင်နေ

ဆီဆိုင်မြို့တွင်တိုက်ပွဲပြင်းထန်၊ လွယ်ဆံဆစ်ရွာကို စစ်ကောင်စီတပ်စွဲကာ လက်နက်ကြီးပစ်ကူရန်ပြင်ဆင်နေ
ဇန်နဝါရီ 26, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကာ စစ်ကောင်စီတပ်က စစ်ကူများ ရောက်ရှိလာပြီး ဆိုက်ခေါင်မြောက်ဘက် လွယ်ဆံဆစ်ရွာကို တပ်စွဲ၍ လက်နက်ကြီးပစ်ကူရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲများ ပြင်းထန်နေသဖြင့် ယနေ့နံနက်ပိုင်းတွင် မြို့တွင်းအဝင်ကို ပိတ်လိုက်ပြီးနောက် တိုက်ပွဲများ ပြင်းထန်နေကာ လေကြောင်းမှ ဗုံးကြဲနေသည်ဟု သိရသည်။

“စစ်ကောင်စီတပ်ဘက်က စစ်ကူလာနေတယ်။ မြို့တွင်းမှာ တိုက်ပွဲဖြစ်နေတယ်ဗျ။ စစ်ကောင်စီတပ်တွေ ဆိုက်ခေါင်မြောက်ဘက် လွယ်ဆံဆစ်ရွာကနေ လက်နက်ကြီးပစ်ကူတပ်ဖွဲ့ရောက်နေပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး ဆိုက်ခေါင်ဒေသခံများကိုလည်း ရွာအတွင်းမှ ထွက်သွားခိုင်းနေသည်ဟု သိရသည်။

“ပူးပေါင်းအဖွဲ့တွေ အင်အားများလို့ မနိုင်မှန်းသိလို့ လေယာဥ်နဲ့ ရမ်းကူပစ်နေတာပါ။ ရွာကပိတ်မိနေသူတွေ တောထဲမှာ အိပ်နေကြရတယ်။ တိုက်ပွဲပိုကြာမယ့် အနေအထားမှာရှိတယ်။ အခြေအနေဆက်ဆိုးနေပါတယ်။”ဟု ဒေသခံတစ်ဦးကလည်း Tachileik News Agency ကိုပြောသည်။

တိုက်ပွဲများမှာ ထီးမန်းအရှေ့ဘက်၊ ထီးတမောင်းအနီးတဝိုက်၊ နန်းဩ၊ ဆီဆိုင်မြို့အတွင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲများကြောင့် ဆီဆိုင်မြို့အဝင်ကို ပိတ်လိုက်သဖြင့် ပိတ်မိနေသည့် ဒေသခံ အဖိုး၊ အဖွားများကိုခေါ်ယူရန် အကူအညီတောင်းခံခြင်းများ ရှိနေသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူများ မသွားရဲသည့်အခြေအနေ ဖြစ်နေသည်ဟုလည်း သိရသည်။

PNLO၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်တွင် ယမန်နေ့က စစ်ကောင်စီသည် ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နှင့် ကျေးရွာ(၄)ရွာကို ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်များဖြင့် အကြိမ်(၂၀)နီးပါး တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီသည် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးပေါင်း (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ပအိုဝ်းပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency