ခါမ်းပါတ်မြို့ကို မဟာမိတ်တပ်များသိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ အိန္ဒိယဘက်ထွက်ပြေး

ခါမ်းပါတ်မြို့ကို မဟာမိတ်တပ်များသိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ အိန္ဒိယဘက်ထွက်ပြေး
နိုဝင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တမူး PDFထံမှ သိရသည်။

မဟာမိတ်တပ်များက ခါမ်းပါတ်မြို့ရှိ ရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် သိမ်းဆည်းရရှိခဲ့ပြီးနောက် တစ်ခုတည်းကျန်ရှိနေသည့် ခါမ်းပါတ်တပ်စခန်းကို ဝိုင်းဝန်းပတ်ဆို့တိုက်ခိုက်နေခဲ့ရာက စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံအတွင်းသို့ နံနက်(၃)နာရီဝန်းကျင်တွင် ထွက်ပြေးသွားကြကြောင်း သိရသည်။ 

“ရဲစခန်းနဲ့ ဆေးရုံဝန်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သိမ်းနိုင်ခဲ့တာ။ ဒီနေ့မှာ ခါမ်းပါတ်တပ်စခန်းကို သိမ်းလိုက်နိုင်တယ်။ စစ်ကောင်စီတပ်သားသေဆုံးမှုကတော့ အတိတကျမသိရသေးဘူး။ စစ်ကောင်စီတပ်သားတွေကတော့ အိန္ဒိယဘက်ကို ထွက်ပြေးသွားတယ်။ လေကြောင်းကတော့ အခုချိန်ထိငြိမ်နေတယ်။ တစ်နေ့ကတော့ (၃)ခါလောက် ပစ်သွားတယ်။ ဒေသခံတွေကတော့ နီးစပ်ရာလုံခြုံတဲ့နေရာကို ရှောင်နေကြတုန်းဗျ။ တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်လိုက်တာ။ အခုကတော့ ရှင်းလင်းရေးလုပ်နေတာ။ ခဲယမ်းကတော့ တော်တော်လေးရ လိုက်တယ်။ ဒီစခန်းက ခါမ်းပါတ်မြို့ရဲ့ စစ်ကောင်စီတပ် နောက်ဆုံးစခန်းပါ။”ဟု တမူးခရိုင် PDFတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

အဆိုပါမြို့ကို တမူးခရိုင်တပ်ရင်း(၂)၊ အထူးလှုပ်ရှားအဖွဲ့နှင့် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့ပြီးနောက် ဒုတိယမြောက် သိမ်းဆည်းရရှိခဲ့သည့် မြို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency