ရခိုင်ပြည်တိုက်ပွဲအတွင်း စစ်ရှုံးပြီးထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား(၆)ဦးကို PRA မကွေးတပ်ဖွဲ့ ဖမ်းဆီးရမိထား

ရခိုင်ပြည်တိုက်ပွဲအတွင်း စစ်ရှုံးပြီးထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား(၆)ဦးကို PRA မကွေးတပ်ဖွဲ့ ဖမ်းဆီးရမိထား

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ စစ်ရှုံးပြီးထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား(၆)ဦးကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိထားကြောင်း People’s Revolution Alliance ထံမှ သိရသည်။

ရခိုင်ဒေသမှ စစ်ရှုံး၍ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအနက် မကွေးတိုင်းနှင့်နီးစပ်ရာဒေသများသို့ ထွက်ပြေးလာသည့် ခလရ(၃၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား(၂)ဦးကို ပြီးခဲ့သည့် မတ်လ(၂)ရက်နေ့တွင်လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသည့် ခမရ(၃၄၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား(၄)ဦးကို ဧပြီလ(၁)ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

“သူတို့ကို ဖမ်းမိတာကတော့ ကျွန်တော်တို့လှုပ်ရှားတဲ့ ဒေသထဲကို စစ်ကြောင်းတွေ ဝင်လာတယ်ပေါ့နော်။  အရပ်သားပုံစံမျိုးနဲ့ ဝင်လာတယ်။ ကျွန်တော်တို့က မသင်္ကာလို့ ဖမ်းဆီးပြီးတော့ စစ်မေးလိုက်တဲ့အခါ ရခိုင်ဘက်ကနေ စစ်ရှုံးပြီးတော့ ထွက်ပြေးလာတာ သိလိုက်ရတယ်။ ကျွန်တော်တို့ နှစ်ခါဖမ်းမိတဲ့အခါ သူတို့က အရပ်သားပုံစံမျိုးနဲ့လာတဲ့အတွက်ကြောင့် လက်နက်ခဲယမ်းတွေ မပါခဲ့ဘူးပေါ့နော်။ လက်နက်ခဲယမ်းတွေကတော့ သူတို့စပြေးတဲ့ နေရာတွေမှာ ထားခဲ့တယ်လို့ သိရတယ်။”ဟု People’s Revolution Allianceမှ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများထဲတွင် ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ရခိုင်ဒေသအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ကာ ကျူးလွန်ခဲ့သည့်  ပြစ်မှုများအပေါ်မူတည်၍ လိုအပ်သလို ထိန်းသိမ်းသွားမည်ဟု သိရသည်။

People’s Revolution Alliance အနေဖြင့် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် စစ်ဒေသတချို့တွင် ရင်ဆိုင်တိုက်ပွဲဝင်နေပြီး မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ အခြေစိုက်တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များမှ တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကြရန် တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီယန္တရားကို လည်ပတ်ပေးနေသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများလည်း နှုတ်ထွက်ကြရန် တိုက်တွန်းထားသည်။

“လက်ရှိကတော့ စစ်ဒေသတချို့မှာ ကျွန်တော်တို့ တိုက်ပွဲဝင်နေတာတွေရှိတယ်။ တချို့စစ်ဆင်ရေးတွေက အခြေအနေအရ သတင်းမထုတ်ပြန်ခဲ့တာပေါ့နော်။ နောက်တခုကတော့ အကြမ်းဖက်စစ်ကောင်စီကို ရတဲ့နည်းနဲ့ တိုက်ထုတ်မယ်လို့ ကြွေးကြော်ထားတဲ့အတွက် ကျွန်တာ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့ မဟာမိတ်တွေနဲ့သော်လည်းကောင်း၊ ပူးပေါင်းလို့ရနိုင်တဲ့ မဟာမိတ်တွေနဲ့သော်လည်းကောာင်း ကျွန်တော်တို့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးပြုလုပ်နေတာတွေရှိပါတယ်။”ဟု ၎င်းကဆက်ပြောသည်။ 

People’s Revolution Allianceသည် ရက္ခိုင့်တပ်တော်နှင့်အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး ရက္ခိုင့်တပ်တော်က စစ်ရေးအကူအညီများပေးနေသည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား လက်နက်ချအညံ့ခံခြင်းများရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားဦးရေမှာလည်း (၄၀၀)နီးပါးရှိကြောင်း သိရသည်။ 

လက်ရှိတွင် မကွေးတိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် အမ်းမြို့ကို ဆက်သွယ်ထားသည့်လမ်းတွင် တိုက်ပွဲများဖြစ်ပွားလာသဖြင့် အမ်း-ပဒါန်းကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသော ကားလမ်းတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတလျောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းကြောင့် လမ်းကို အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၂၆)ရက်နေ့မှစတင်၍ အမ်းနှင့် မကွေးကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

#TachileikNewsAgency