ပေါက်ခေါင်းမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က နှမ်းရိတ်နေသည့် ကြံ့ဖွံ့ပါတီထောက်ခံသူကို ပစ်သတ်သွား

ပေါက်ခေါင်းမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က နှမ်းရိတ်နေသည့် ကြံ့ဖွံ့ပါတီထောက်ခံသူကို ပစ်သတ်သွား
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကြံ့ဖွံ့ပါတီထောက်ခံသူ အရပ်သားတစ်ဦးအား စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ဒိုးနွယ်ရွာတောင်ဘက် ပန်းတင်နယ်ခြားနတ်စင်အနီးတွင် အင်အား(၂၇)ဦးပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှေ့ထွက်မိုင်း(၁)လုံး၊ ပတ်လည်မိုင်း (၃)လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ယာထဲတွင် နှမ်းရိတ်နေသည့် ဒိုးနွယ်ရွာသား ကြံ့ဖွံ့ပါတီထောက်ခံသူ အရပ်သား ဦးမြအုန်းအား ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆွဲခံရသဖြင့် ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို တ္တိုင်ဘက်မှ ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ပေါင်းတည်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၆)ရက်နေ့ကလည်း ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား(၂၈)ဦးဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရိုးမအစပ် လျှော်ဖြူချောင်းအနီးတွင် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း(၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency