ဂျာယန် ပြည်သူ့စစ်စခန်းမှ လက်နက်ခဲယမ်းများစွာနှင့် ပြည်သူ့စစ် ၃၈ဦး TNLA ဖမ်းမိ

ဂျာယန် ပြည်သူ့စစ်စခန်းမှ လက်နက်ခဲယမ်းများစွာနှင့် ပြည်သူ့စစ် ၃၈ဦး TNLA ဖမ်းမိ
နိုဝင်ဘာ 4, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက တအာင်းအမျိုးသားလွတ်‌‌မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဂျာယန်ပြည်သူစစ်စခန်းသည် စစ်ကောင်စီက ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုထားသည့် စခန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ 

စခန်းအား ဝင်ရောက်ရှင်းလင်းရာတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၃၈ )ဦး ဖမ်းဆီးရမိပြီး စခန်းတာဝန်ရှိသူ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင်၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင်၊ ဆေးမှူး ဗိုလ်ဦးတောင်ဂျုံတို့ (၄)ဦးအား ထိန်းသိမ်းထားပြီး ကျန်တပ်ဖွဲ့ဝင် (၃၄ )ဦးအား နေရပ်သို့ ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။

စခန်းအတွင်းမှ လက်နက်မျိုးစုံ (၇၈)လက်၊ ကျည်မျိုးစုံ (၄၃ )ဖာ၊  (၂၁၈ )ထောင့်၊ စကားပြောစက် (၂၁)လုံးနှင့် ယာမဆေးပြား ထုတ်ကြီး (၃၉)ထုတ်ကျော် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department