ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်ကို မဟာမိတ်တပ်များသိမ်းပိုက်၊ တင့်ကား၊ လက်နက်ကြီးနှင့် လေယာဉ်ပစ်များလည်း သိမ်းဆည်းရရှိထား

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်ကို မဟာမိတ်တပ်များသိမ်းပိုက်၊ တင့်ကား၊ လက်နက်ကြီးနှင့် လေယာဉ်ပစ်များလည်း သိမ်းဆည်းရရှိထား
နိုဝင်ဘာ 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများအား မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့အထိ ဆက်လက်သိမ်းပိုက်နေပြီး စစ်ကောင်စီတပ်စခန်း (၁၂၀)ကျော်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး (၁၀) ရက်တာကာလအတွင်း ညီနောင်မဟာမိတ် (၃)ဖွဲ့သည် စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းအကြီး၊ အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ စခန်းများ၊ ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်း စုစုပေါင်း (၁၂၀)ကျော်အား သိမ်းပိုက်ခဲ့ပြီး တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများနှင့် လေယာဥ်ပစ်လက်နက်ကြီးများနှင့် စစ်လက်နက် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက်ပိုင်းတွင် MNDAAသည် မုံးကိုးခရိုင်၊ ရှောက်ချင်းရှုဒေသရှိ စစ်ကောင်စီ ၏ တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၁၀)မိနစ်ခန့်အကြာတွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင်ပင် TNLAသည်လည်း  နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ၊ စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကား (၄)စီးဖြင့် စစ်ကူလာရောက်စဥ် TNLAက လားရှိုးနှင့် သိန္နီကြား (၁၄-၁၅ မိုင်) ကြားရှိ နမ့်တွန်ကျေးရွာအနီးမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက် (၂)လက်၊ စစ်အသုံးအဆောင် ပစ္စည်းများအပြင် စစ်ကား (၄)စီးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့တွင်ပင် မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ ရန်သူစစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကိုလည်း TNLA က သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ မြို့ကြီးတချို့တွင် စစ်ကောင်စီတပ်က အရပ်ဘက် အဖွဲ့အစည်းများအား စစ်ဆေးမေးမြန်းခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို ပိုမိုလုပ်ဆောင်လာနေသည်ဟု သိရသည်။

#TachileikNewsAgency