တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မည်ကို ကြောက်လန့်သဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို ယခင်အခမ်းအနားများထက် လုံခြုံရေးတင်းကြပ်ရန် ဒုတိယစစ်ခေါင်းဆောင်ပြောဆို

တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မည်ကို ကြောက်လန့်သဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို ယခင်အခမ်းအနားများထက် လုံခြုံရေးတင်းကြပ်ရန် ဒုတိယစစ်ခေါင်းဆောင်ပြောဆို
ဇန်နဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

တော်လှန်ရေးတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေသည့် ဒုတိယစစ်ခေါင်းဆောင်က ပြည်ထောင်စုနေ့အခမ်းအနားကို ယခင်အခမ်းအနားများထက် လုံခြုံရေးတင်းကြပ်ရန် ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် ပြုလုပ်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုသည်။

ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာ တိတိကျကျ စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ လုံခြုံရေးနှင့်ပတ်သက်၍ ယခင်အခမ်းအနားများထက်ပို၍ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်ဟု ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကပြောသည်။

သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခမ်းအနား အစမ်းလေ့ကျင့်ခြင်းနှင့် အခမ်းအနားကျင်းပသည့်အခါတွင် လုံခြုံရေး တိုးမြင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးလျော့နည်းဖြစ်စဉ်များမဖြစ်ပေါ်စေရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားခြင်းများ ပြုလုပ်ရန်လိုအပ်သည်ဟုလည်း ပြောသည်။

တစ်ဖက်ကလည်း အခမ်းအနားကျင်းပနေစဉ်အတွင် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စီမံချက်ရေးဆွဲ၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက် သွားရန်လိုသည်ဟုလည်း ပြောသည်။

#TachileikNewsAgency