တစ်လုတ်စားဖူးသူ့ကျေးဇူးကိုမမေ့ရန် အသက်မသေဘဲ လွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများကို ညီနောင်(၃)ဖွဲ့ပြောဆို

တစ်လုတ်စားဖူးသူ့ကျေးဇူးကိုမမေ့ရန် အသက်မသေဘဲ လွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများကို ညီနောင်(၃)ဖွဲ့ပြောဆို
ဇန်နဝါရီ 11, 2024 | 2021 Military Coup| ရှမ်းမြောက်

တစ်လုတ်စားဖူးသူ့ကျေးဇူး ဟူသည့်စကားပုံကို မမေ့ကြရန် အသက်မသေဘဲ လွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

ယခု ၁၀၂၇ စစ်ဆင်ရေးတွင် လွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညီနောင်မဟာမိတ်တပ်များ၏ တစ်လုတ်စားဖူးသူ့ကျေးဇူး ထက်ပိုသော ကျေးဇူးများရှိပြီး ညီနောင်(၃)ဖွဲ့၏ စေတနာ၊ သဘောထားကြီးမြတ်မှုနှင့် ကျေးဇူးတရားများကို အသက်မသေဘဲ ရှင်သန်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှ အကြွင်းမဲ့နားလည်လက်ခံ၍ တန်ဖိုးထားအမှတ်ရနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ ထိုးစစ်အရှိန်နှင့် စစ်ဆင်ရေး၏အရသာအား ရှမ်းမြောက်ဒေသအတွင်းရှိ စစ်ကောင်စီ၏ ဒကစ၊ ဗျူဟာ၊ တပ်မ၊ တပ်ရင်းနှင့် တပ်စခန်းများရှိ စစ်ကောင်စီတပ်ဖွဲဝင်များ မြည်းစမ်းဖူးကာ မည်ရွေ့မည်မျှ အရသာရှိကြောင်း အသက်မသေဘဲ လွတ်မြောက်သွားကြသူများ (သို့မဟုတ်) သဘောထားကြီးစွာဖြင့် အသက်ရှင်ခွင့်ပေးလိုက်သော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များ ကောင်းစွာသိရှိနားလည်ထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

၂၀၂၄ ခုနှစ်၏ ဒုတိယရက်သတ္တပတ်အတွင်းသို့ရောက်ရှိလာသည့်  ၁၀၂၇ စစ်ဆင်ရေးကြီးသည် (၇၆)ရက်မြောက်နေ့သို့ ရောက်ရှိလာသည့်တိုင် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များအား ရပ်တန့်နေခြင်းမရှိဘဲ ဆက်လက်ချေမှုန်း တိုက်ခိုက်နေသည်ဟု သိရသည်။ 

စစ်ဆင်ရေးလှုပ်ရှားရာနယ်မြေအချို့တွင် မပြီးပြတ်သေးသည့်တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်၏အရှုံးကို နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်နေရသည့် စစ်ရှုံးစစ်ကောင်စီသည် အရပ်သားပြည်သူများ၊ အဆောက်အအုံများနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါ အငြိုးအတေးကြီးစွာဖြင့် မိုက်ရူးရဲဆန်စွာ စစ်ရေးတုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ရာဇဝတ်မှုများကိုပါ မထူးဇာတ်ခင်းသည့်အနေဖြင့် ဆက်လက်ကျူးလွန်နေသည်ဟု ထုတ်ပြန် ထားသည်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀)တပ်ရင်းမှ ယမန်နေ့က မြောက်ဦးနန်းတော်ရာကုန်းကို လက်နက်ကြီးဖြင့် (၆)ကြိမ်ပစ်ခတ်ခြင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ဖျက်ဆီးနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

ထို့အပြင် ခမရ (၅၄၀)တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့သည် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်သို့လည်း ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

ညနေပိုင်းတွင်လည်း စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇)တပ်ရင်းမှ မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြောက်ဦးမြို့ ဝါဈီးရပ်ကွက်၊ ဝါဈီးတံတားအနားရှိ လူနေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့သည်။

#TachileikNewsAgency