မူဆယ်မြို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ နှင့် ထိန်းချုပ်ဓါတုပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မူဆယ်မြို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ နှင့် ထိန်းချုပ်ဓါတုပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဇန်နဝါရီ 3, 2020
By Tachileik News Agency

မူဆယ်မြို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ နှင့် ထိန်းချုပ်ဓါတုပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် နောင်ရမ်းကျေးရွာရှိ ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိပြီး တိမ်းရှောင်နေသည့် ပိုင်ရှင်အား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည့် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့ နေ့လည်(၂)နာရီ ဝန်းကျင်အချိန်က မူဆယ်မြို့နယ်အတွင်း နောင်ရမ်းကျေးရွာတွင် ချင်ဆင်းချိန်း ငှားရမ်းထားသည့် ဂိုဒေါင်တစ်ခုအား သွားရောက် စစ်ဆေးရာ ချင်ဆင်းချိန်းအား ဂိုဒေါင်တွင် မတွေ့ရှိရကြောင်း သိရသည်။

ဂိုဒေါင်ငှားရမ်းသူအား မတွေ့ရှိရသော်လည်း ပူးပေါင်းအဖွဲ့မှ ဂိုဒေါင်အတွင်း ဆက်လက်၍ ရှာဖွေရာ ဂိုဒေါင်အတွင်းမှ  ထိန်းချုပ်ဓါတုပစ္စည်းများ ဖြင့်သည့် Trifluoroacetic acid (၁၆၀)လီတာ၊ Mixtures of methanol, Nitric Acid လီတာ(600)၊ 2,4-DIOXOHEXAHYDRO ( ၁၂၅,၈၈၀ )ကီလို၊ 1,2-Dichloroethane (၃၂၀)လီတာ၊ 1,3-Dibromo 5,5-Dimethyl Aydan ကီလို(၁၀၀)၊ 1-Phenyl-2-propanol  (၁၆၀)လီတာနှင့် Benzyl cyanide လီတာ(၈၀၀၀)တို့ကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဖန်ပေါင်းချောင်(၁၂)လုံး၊ ဂက်စ်အိုး (၁၆)လုံး၊ စတီးမွှေစက် (၂)လုံးနှင့် Urea အိတ်(၁၂၀)တို့ကို သိမ်းဆည်းရမိသည့်အပြင် ခြံအတွင်း ရပ်တန့်ထားသည့် ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့်  ထိန်းချုပ်ဓါတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြပြီး အဆိုပါ ဂိုဒေါင်အား ငှားရမ်းထားသူဟု ဆိုသည့် အသက်(၂၆)နှစ်အရွယ် ချင်ဆင်းချန်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။ 

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~