စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်ရှိ သံတမန်များနှင့် UN ကိုယ်စားလှယ်များကို ဖိတ်ကာပြီး PDF မကောင်းကြောင်း ပြော

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်ရှိ သံတမန်များနှင့် UN ကိုယ်စားလှယ်များကို ဖိတ်ကာပြီး PDF မကောင်းကြောင်း ပြော
ဇူလိုင် 7, 2023 | 2021 Military Coup

 သံတမန်အရေးတွင် ရှုံးနှိမ့်နေသည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စား လှယ်တို့ကို ဖိတ်ကြားကာ PDF မကောင်းကြောင်းများ ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ခုနှစ် ဇူလိုင်လ(၆)ရက်နေ့က ရန်ကုန်မြို့အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့အား ဖိတ်ကြားကာ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက သံတမန်များအား အာဆီယံ သဘောတူညီမှု (၅)ချက်ဖော်ဆောင်ရာတွင် အရေးကြီးဆုံး အချက်များဖြစ်သည့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ရေးတို့ကို ဆောင်ရွက်နေသည်ဟု လိမ်လည်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ် (၅,၀၀၀) ကျော် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲမှုစတင်ခဲ့သည်မှာ (၃၃)နှစ်တိုင်ရှိပြီး အပြီးသတ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရအဆက်ဆက်မှ ကြိုးပမ်းအားထုတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ 

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စတင်တိုက်ခိုက်မှု မပြုခြင်း၊ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်းသိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများနှင့် အညီဆောင်ရွက်ခဲ့သည်ဟုလည်း လိမ်လည်ပြန်သည်။ 

ထို့အပြင် PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈( အရပ်သား ၄,၈၇၈ ဦး နှင့် အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့ခြင်း၊ PDF များ၏ အဖျက်အမှောင့်လုပ်ငန်းများကျူးလွန်မှုများ၊ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေမှုများ၊ ၎င်းတို့၏ ဥပဒေပြင်ပ လုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ရန် အစိုးရအနေဖြင့် PDF အကြမ်းဖက်သမားများကို တုန့်ပြန်ဆောင်ရွက်ရခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးနှင့်သဟဇာတရှိစေရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ၂၀၁၇ နှင့် ၂၀၁၈ခုနှစ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေများနှင့် နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်နိုင်ရေး ဆောင်ရွက်နေမှုများကိုလည်း ပြောဆိုခဲ့ကြသည်။

အဆိုပါ ရှင်းလင်းပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ နိုင်ငံခြား ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

 

Photo: MFFM