ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၆၇ ခုကို မဟာမိတ်များ သိမ်းပိုက်၊ ပြည်သူ့စစ် နှစ်ဖွဲ့ MNDAA ထံ ပူးပေါင်း

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၆၇ ခုကို မဟာမိတ်များ သိမ်းပိုက်၊ ပြည်သူ့စစ် နှစ်ဖွဲ့ MNDAA ထံ ပူးပေါင်း
အောက်တိုဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (၂၁)ခုကို မဟာမိတ်တပ်များက အောက်တိုဘာလ (၂၉)ရက်နေ့တွင် ထပ်မံသိမ်းယူနိုင်ခဲ့သဖြင့် တပ်စခန်းစုစုပေါင်း (၆၇)ခုအား သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၃၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း The Kokangက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖော်ပြထားသည်။

မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ (၁၀)နှစ်ကျော်ကြာ တည်ထားသည့် ကိုးကန့်ဒေသ ရာခုတ်ကိုင်စခန်း၊ ရန်သက်ရှမ်း(ရန်တော်စံ)စခန်းတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး မုံးကိုးနှင့် မူပန်(သိန္နီ)ဘက်တွင်လည်း တပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်ပြည်သူ့စစ် (၃၇)ဦးအား ဖမ်းဆီးရမိခဲ့ပြီး နန်ကျွမ်းပြည်သူ့စစ်အဖွဲ့ကိုလည်း ပြန်လည်စည်းရုံးနိုင်ခဲ့ကာ လူအင်အား(၃၀)ကျော်သည် MNDAAထံ ပြန်လည် အလင်းဝင်ရောက်လာခဲ့သည်ဟု သိရသည်။

မဟာမိတ်တပ်များသည် ရန်သက်ရှမ်း (ရန်တော်စံ)တပ်စခန်းကို နှစ်ရက်ဆက်တိုက် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ (၂၉)ရက်နေ့တွင် သိမ်းယူရရှိခဲ့ကာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် (၁၇)ဦးသေဆုံးပြီး (၃၂)ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်လဲကာ ထွက်ပြေးသွားခဲ့ကြရာ အချို့စစ်သုံ့ပန်များအား ထွက်ပြေးနေစဥ် ဖမ်းဆီးရရှိခဲ့သည့်အပြင် ၎င်းစခန်းအတွင်းမှ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၅၆၇)အခြေချ နေထိုင်သော ရာခုတ်ကိုင်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယင်းနေ့နံနက်ပိုင်းတွင်ပင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်သုံ့ပန်တစ်ဦးကို ဖမ်းဆီးရရှိပြီး (၆၀)မမ ကျည် (၃၁)လုံး၊ လက်ပစ်ဗုံး (၁၄၂)လုံး၊ အီနာဂါ ဗုံး(၃)လုံး၊ RPG(၇) ကျည် (၁၈)လုံး၊ ကျည်ဘောက် (၅)ခု၊ စက်လက်ကျည် (၁၅၀၀)တောင့်၊ 5.56ကျည် (၂၂၀၀)ကျော်၊ နင်းမိုင်း (၂)ခု၊ စစ်မြေပုံ (၁)ချပ်နှင့် ဘက်ထရီ (၁)လုံး စသည့် စစ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

ညနေပိုင်းတွင် ရန်သက်ရှမ်း(ရန်တော်စံ)တပ်စခန်းသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မုံးကိုးတွင်လည်း ယင်းနေ့တွင် မဟာမိတ်တပ်များ ပေါင်းပြီး မန်းယန်၊ ကွမ်ထန်၊ ပိုက်ဖိန်‌ပေါက်ပေါက် တောင်ကုန်း၊ ဖောင်းဆိုင်၊ ကွမ်းလွန် စသည့်နေရာရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တစ်ခုချင်းစီ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ ညနေပိုင်းတွင် တပ်စခန်း (၁၂)ခုအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး ဖောင်းဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးတပ်ဆင်ထားသော သံချပ်ကာကားတစ်စီးကိုလည်း ထပ်မံဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။ 

ထို့အပြင် MNDAAသည် မိုင်းကျက်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့နှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးဖြင့် နန်ကျွမ်းဒေသရှိ “ချိန်ရှောက်လူ”ပြည်သူ့စစ်ကို စည်းရုံးနိုင်ခဲ့ရာ လူအင်အား (၃၀)ကျော်ကို MNDAAထံ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်ဟု သိရသည်။

သိန္နီမြို့နယ်တွင်လည်း MNDAAသည် လားရှိုးအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ “ကွမ်ယုံယာယီ”တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ကာ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သုံ့ပန်(၄)ဦးအား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် (၆၀)မမ ကျည်(၈၄)လုံး၊ လက်ပစ်ဗုံး (၈၈)လုံး၊ စနတ်တံ (၁၉)ချောင်း ၊ 5.56 ကျည်ဘောက် (၁)ခု၊ ရိုင်ဖယ် (၁၀)လက်၊ MG3 စက်လက် (၂)လက်၊ MG3 သေနတ်ပြောင်း (၁)ချောင်း၊ စိန်‌ပြောင်း (၁)လက်၊ စကားပြောစက် (၁၈)ခု၊ စက်လက်ကျည် (၁၂၀၇)တောင့်၊ ကျည်တွဲ(၇)တွဲ ၊ ဆက်သွယ်‌ရေးစက် (၁)လုံးနှင့် ရိုင်ဖယ်ကျည်ဘောက် (၃၈)ခုတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ထို့နောက် မဟာမိတ်တပ်များသည် စစ်ကောင်စီ၏ မူပန်ရဲစခန်း၊ မူပန်တံတား၊ နမ့်ဘွမ်တပ်စခန်း၊  နမ့်ဘွမ်ရဲစခန်းနှင့် မာချီနှော စခန်းတို့အား တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး နမ့်ဘွမ်စခန်းသိမ်းပွဲတွင် စစ်ကောင်စီဘက်မှ တစ်ဦးသေကာ လက်ပစ်ဗုံး (၅)လုံး ၊ ၄၀ မမကျည် (၂၈)လုံး၊ ရှေ့ထွက်မိုင်း (၃)ခု၊ စကားပြောစက် (၂)ခုနှင့် 5.56ကျည် (၁၃၂)တောင့်တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

ယခုရက်ပိုင်း တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်(AA)မှ တပ်ရင်း(၃၃) (၁၁၃)တို့အပါအဝင် တပ်ရင်း (၁၀)ရင်းခန့် MNDAAတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆင်ရေး လုပ်ဆောင်နေပြီး တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည်လည်း ပြည်ထောင်စုလမ်းမတလျှောက်တွင် ပူးတွဲ စစ်ဆင်ရေးများကို လုပ်ဆောင်နေသည်ဟု သိရသည်။

#TachileikNewsAgency