ရခိုင်အလံထောင်ထားသော ကစ္ဆပနဒီတံတားကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီး

ရခိုင်အလံထောင်ထားသော ကစ္ဆပနဒီတံတားကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီး
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ရခိုင်အလံထောင်ထားသော ကစ္ဆပနဒီတံတားကို စစ်ကောင်စီတပ်က  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲသဖြင့် တံတားပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည့် စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်ရှိ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကို ဆက်သွယ်ထားသော ကစ္ဆပနဒီတံတားနှင့် ပိုက်တွေရပ် မူဆလင်ရွာကို စစ်ကောင်စီတပ်က လေကြာင်းမှ ဗုံးကြဲသွားခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီတံတားမှာ ရက္ခိုင့်တပ်တော်အလံရယ်၊ ရခိုင်အလံရယ်ကိုထူထားတော့ မနာလိုစိတ်နဲ့ မစားရတဲ့အမဲ သဲနဲ့ပတ်တာ။ ပိုက်တွေရပ် ရွာကိုလည်း ဗုံးကြဲသွားတာ။ လူထိခိုက်တာတော့မရှိဘူး။ တိုက်ပွဲတွေစကတည်းက တိမ်းရှောင်နေကြလို့။"ဟု ကျောက်တော်မြို့ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ ကစ္ဆပနဒီတံတားကို ဗုံးကြဲဖျက်ဆီးသဖြင့် တံတားမကျိုးကျသော်လည်း ပျက်စီးမှုများပြီး ပိုက်တွေရပ်ရွာရှိ နေအိမ်များလည်း ပျက်စီးမှုရှိသည်ဟု သိရသည်။

"ပိုက်တွေရပ်ရွာဆိုတာ ကျောက်တော်မြို့တဖက်ကမ်း တံတားဘေး ကပ်လျက်ရွာ။ တံတားအနားမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်သင်္ဘော (၃)စီးကို AA က ရေမြှုပ်ပေးလိုက်တာ။ ဒါကြောင့်လည်း မကျေနပ်လို့ ဗုံးကြဲတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပိုက်တွေရပ်ရွာတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများနှင့် အဝေးကားပြေးကားဂိတ်များလည်းရှိကာ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်း၏ အဓိကနေရာဖြစ်သည်ဟု သိရသည်။

"AA ရှိမယ်ထင်တဲ့နေရာကို ဗုံးကြဲတာ။ AAကတော့ တံတားပေါ်ကနေ သွားလာခွင့် ယာယီပိတ်ထားတယ်။ အဓိကတော့ ရခိုင်အလံထောင်ထားလို့ သက်သက်ယုတ်မာတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲခံရသဖြင့် ပိုက်တွေရပ်ရွာအတွင်းရှိနေအိမ်များ မည်မျှပျက်စီးသွားသည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo: CJ