စစ်ကောင်စီတပ်၏ ‌ဗုံးကြဲမှုကြောင့် မိုးမိတ်ဈေး မီးလောင်နေ

စစ်ကောင်စီတပ်၏ ‌ဗုံးကြဲမှုကြောင့် မိုးမိတ်ဈေး မီးလောင်နေ
ဇန်နဝါရီ 19, 2024 | 2021 Military Coup| ရှမ်းမြောက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ ဒေသခံများ အားကိုးနေရသည့် ဈေးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ ည(၇)နာရီဝန်းကျင်တွင် လေကြောင်းကနေ  ဗုံးကြဲသဖြင့် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမိတ်ဈေးမှာ လက်ရှိတွင် မီးလောင်နေဆဲဖြစ်ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် မည်မျှပျက်စီးသွားသည်ကိုမူ မသိရသေးပေ။

"ဈေးကြီးကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲချသွားတာ။ ဈေးတစ်ခုလုံးမီးလောင်နေတယ်။ ဆုံးရှုံးမှုများမယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ယမန်နေ့ကလည်း မိုးမိတ်မြို့၊ အုန်ကျော်၊ ရွှေဆာလီရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၈)ကြိမ်၊ ATR-72 ဖြင့် (၃)ကြိမ်၊ Y12 ဖြင့် (၅)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ မိုးမိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို KIA ပူးပေါင်း KPDFတပ်၊ ABSDF တပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်‌နေ့တွင် မိုးမိတ်မြို့အတွင်း တိုက်ပွဲများ ပြင်းထန်နေခဲ့ရာ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ နမ့်ခမ်းအင်း၊ ရွှေဇာလီ၊ လက်ခုပ်တန်းရပ်ကွက်များကို ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ပျက်စီးကာ အရပ်သားများလည်း ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီတပ်သည် ရွှေဇာလီအထွက်နှင့် ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားပြီး ကြည်တော်စုရပ်ကွက်ကိုလည်း လေကြောင်းမှ စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်ပြီး ဗုံး(၂)လုံး ကြဲချသွားသည်ဟု သိရသည်။ 

မိုးမိတ်မြို့သည် ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အစပ်တွင်ရှိပြီး ကချင်၊ တအာင်း၊ ဗမာလူမျိုးများနေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။