ဆီဆိုင်မြို့ အဝင်ပိတ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲပြင်းထန်နေ

ဆီဆိုင်မြို့ အဝင်ပိတ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲပြင်းထန်နေ
ဇန်နဝါရီ 26, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲများပြင်းထန်နေသဖြင့် ယနေ့ နံနက်ပိုင်းတွင် မြို့တွင်းအဝင်ကိုပိတ်လိုက်ပြီး ပိတ်မိနေသည့် ဒေသခံများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များ မြို့တွင်းသို့ ဝင်ရောက်လာသဖြင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် လက်ရှိတွင် မြို့တွင်း၌ စစ်ကောင်စီတပ်များ မရှိတော့ဘဲ မြို့ပြင်ဖြစ်သည့် နန်းဩ၊ ညောင်ကိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

“နန်းသြ၊ ညောင်ကိုင်းအထိ တိုက်ပွဲဖြစ်နေပြီ။ မြို့အဝင်ပိတ်ထားလိုက်ပြီ။ ပိတ်မိနေတဲ့ အဖိုးအဖွားတွေ အများကြီးကျန်နေတာ။ အခုပဲ ပိတ်နေတဲ့သူတွေက အကူအညီတောင်းနေတာ မသွားရဲဘူးလေ။ မနက်ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာရှိတယ်။ နန်းသြမှာ စစ်တပ်စခန်းမရှိဘူး။ PNO နဲ့ တပ်က ပူးပေါင်းအဖွဲ့တွေ လာနေလို့တိုက်နေတာ။ ဘန်းယဥ်နဲ့ နောင်မွန်မှာတော့ လေယာဥ်ဝဲနေတာ။ ”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိတွင် တိုက်ပွဲမှာပြင်းထန်နေပြီး အခြေအနေများလည်း ဆိုးရွားနေကာ ဒေသခံများ ဆီဆိုင်-ဆိုင်ခေါင်၊ နောင်မွန်-နမ်းခုတ်-ဟိုပုံး တစ်လျှောက်တွင် စစ်ဘေးရှောင်များ ယနေ့အထိ ထွက်ပြေးနေသည်ကိုတွေ့ရသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက ဆိုသည်။

“ဒီမနက်အခြေအနေက ဆီဆိုင်ကို ပြန်ဝင်လို့ရတဲ့ အခြေအနေမဟုတ်ပါဘူး။ ပြန်မဝင်တာအကောင်းဆုံးပါ။ အခြေအနေက တော်တော်ဆိုးနေပြီ။”ဟု ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက Tachaliek News Agencyကိုပြောသည်။

ယမန်နေ့က မြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းကို PNLAက ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဆီဆိုင်မြို့ မြကန်သာရပ်ကွက်တွင် အိမ်နှစ်လုံး၊ ဟိုခဲရပ်ကွက် ဘုန်းကြီးကျောင်း၊ RC ကျောင်းနှစ်ကျောင်း၊ စက်သုံးဆီဆိုင်များနှင့် စာသင်ကျောင်းများ မီးလောင်ပျက်စီးသွား သည်။

PNLO၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်တွင် ယမန်နေ့က စစ်ကောင်စီသည် ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နှင့် ကျေးရွာ(၄)ရွာကို ဂျက်ဖိုက်တာနှင့် Y12လေယာဉ်များဖြင့် အကြိမ်(၂၀)နီးပါး တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီသည် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးပေါင်း (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ပအိုဝ်းပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency