နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲ စကခ ၇ တပ်မမှူး လင်းအောင်မိုးသေဆုံး

နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲ စကခ ၇ တပ်မမှူး လင်းအောင်မိုးသေဆုံး
နိုဝင်ဘာ 18, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်၏ စကခ (၇)တပ်မမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး သေဆုံးသွားကြောင်း TNLA ရှေ့တန်းရောက်ရဲဘော်များထံမှ သိရသည်။

နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့အထိ တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA)က တိုက်ခိုက်နေရာ တိုက်ပွဲအတွင်း တပ်မမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

"တပ်မမှူးသေဆုံးတာ ဟုတ်ပါတယ်။ စခန်းသစ်ကုန်းတိုက်ပွဲက မပြီးသေးဘူး။ သူတို့အဆိပ်ငွေ့တွေသုံးနေတယ်။မနက်ခင်းက သူတို့ရဲ့ လက်နက်ကြီးကုန်းကို ရပြီးသား ညနေရောက်တော့ အဆိပ်ငွေ့တွေသုံးလို့ ပြန်ဆုတ်လိုက်ရတယ်။ ရဲဘော်တွေအကုန်မူးဝေ၊ ဘယ်လိုဟာလဲတော့မသိ။ အငွေ့တွေရှူပြီး မူးနေကြတာ။ ဓာတုဆေးတွေ။"ဟု TNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့က တိုက်ပွဲသို့ နမ့်ခမ်း၊ မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းမှ နမ့်ခမ်းဘက်သို့ လက်နက်ကြီးပစ်ကူ (၂၅)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ တိုက်လေယာဉ်ဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ပစ်ကူပေးခဲ့သည်။ 

ထို့အပြင် ယနေ့တွင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ ခလရ(၁၄၄)တပ်စခန်းမှလည်း တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်(၂)လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

လင်းအောင်မိုး၏ ဇနီးဖြစ်သူမှာ  ဒေါ်ထားထားနွယ်ဖြစ်ပြီး သမီး (၂)ဦး ကျန်ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့ကလည်း ပန်လုံဗျူဟာကုန်းကို ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် တပ်မ(၉၉)တပ်မမှူး အောင်ကျော်လွင်  သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency