ရှမ်းမြောက်တွင် စစ်ကိုင်းအခြေစိုက် ခမရ ၁၃ ရင်းလုံးပြုတ်ကာ ဗိုလ်ကြီးအပါ ၃ ဦးဖမ်းဆီးခံရ

ရှမ်းမြောက်တွင် စစ်ကိုင်းအခြေစိုက် ခမရ ၁၃ ရင်းလုံးပြုတ်ကာ ဗိုလ်ကြီးအပါ ၃ ဦးဖမ်းဆီးခံရ
အောက်တိုဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တပ်ဖွဲ့တို့ ပူးတွဲလှုပ်ရှားထိန်းချုပ်ရာနေရာတစ်ခုသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် သေဆုံးသူများကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၃)ဦးအား အရှင်ဖမ်းဆီးရရှိခဲ့သည်ဟု BPLAထံမှ သိရသည်။

ယမန်နေ့ ‌၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့က စစ်ကိုင်းတွင် မီးရှို့၊ လူသတ်ခဲ့ကြသည့် စစ်ကောင်စီတပ်မ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၃)သည် အင်အား(၇၀)ခန့်ဖြင့် မဟာမိတ်တပ်များရှိရာနေရာသို့ ချဥ်းကပ်လာရာ BPLAနှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား (၂၀)ကျော်သေကာ တချို့မှာ နီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားသည်ဟု သိရသည်။

ထို့နောက် မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာရှိအိမ်များတွင် ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသဖြင့် တစ်အိမ်ချင်း ခက်ခဲစွာ ရှင်းလင်းခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သားအလောင်း(၄၀)ကျော်ရရှိခဲ့သည့်အပြင် ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က ရဲဘော်(၄)ဦးကျဆုံးပြီး ရဲဘော်(၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA Seriesရိုင်ဖယ် (၃၀)လက်၊ စက်ကလေး(၃)လက်၊ 40mm (၆)လက်၊ ကျည် (၈၀)၊ 60mm (၂)လက်၊ ကျည်(၆၀)၊ 80mm (၁)လက်၊ 100mm (၂)လက်၊ ကျည်(၁၀)၊ RPG (၂)လက်၊ ကျည်(၁၀)၊ ပစ္စတို (၂)လက်၊ Icom စက် (၃)လုံး၊ Drone detector (၁)ခု၊ WiFi Router (၁)ခု နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

BPLAသည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

#TachileikNewsAgency

Photo : BPLA