ဥရောပသမဂ္ဂက အာဏာသိမ်း စစ်အုပ်စုဝန်ကြီး (၃) ဦး အပါအဝင် လူပုဂ္ဂိုလ် (၆) ဦးနှင့် သတ္တုတွင်းလုပ်ငန်းတို့ကို ဒဏ်ခတ် ပိတ်ဆို့

ဥရောပသမဂ္ဂက အာဏာသိမ်း စစ်အုပ်စုဝန်ကြီး (၃) ဦး အပါအဝင် လူပုဂ္ဂိုလ် (၆) ဦးနှင့် သတ္တုတွင်းလုပ်ငန်းတို့ကို ဒဏ်ခတ် ပိတ်ဆို့
ဇူလိုင် 21, 2023 | 2021 Military Coup

 

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကို တုံ့ပြန် အရေးယူမှုအဖြစ် ဥရောပသမဂ္ဂက စစ်အုပ်စု လက်အောက်ခံ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ (၇) ကြိမ်မြောက် ချမှတ်လိုက်ကြောင်း ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။



ဥရောပသမဂ္ဂကက စစ်အုပ်စု လက်အောက်ခံ လူပုဂ္ဂိုလ် (၆) ဦးနှင့် အဖွဲ့အစည်းတစ်ခုကို ပစ်မှတ်ထားသည့် ဒဏ်ခတ် ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွင် ပြည်ထောင်စုဝန်ကြီး (၃) ဦးဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ ပါဝင်သည်။



ထို့အတူ စစ်အုပ်စု၏ အုပ်ချုပ်‌ရေးကောင်စီ အဖွဲ့များဖြစ်သည့် ဦးအောင်ကျော်မင်းနှင့် ကယားပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။ 

နိုင်ငံပိုင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို အာဏာသိမ်း စစ်အုပ်စုက ထိန်းချုပ်ထားပြီး စစ်တပ်အတွက် ဝင်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည်။

လက်ရှိအချိန်အထိ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စု လက်အောက်ခံ လူပုဂ္ဂိုလ် (၉၉) ဦးနှင့် အဖွဲ့အစည်း (၁၉) ခုရှိပြီ ဖြစ်သည်။ 

ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအရ စစ်အုပ်စု လက်အောက်ခံ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဖြစ်ပြီး ဥရောပဒေသတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားခြင်းကို တားမြစ်ထားသည့် ခရီးသွားလာမှုကို ပိတ်ပင်ထားမည် ဖြစ်သည်။

ထို့အပြင် ဥရောပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သည့် မြန်မာစစ်အုပ်စု လက်အောက်ခံ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ကူညီခြင်းကိုလည်း တားမြစ်ပိတ်ပင်ထားသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှစပြီး ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်ကာ ဘက်ပေါင်းစုံ ချွတ်ခြုံကျလျက်ရှိပြီး နိုင်ငံတဝန်း စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်မှုများ ပေါ်ပေါက်လျက်ရှိသည်။

 

Source: EU Council, Reuters