ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်တလျောက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် သေဆုံးဒဏ်ရာရသူများပြား

ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်တလျောက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် သေဆုံးဒဏ်ရာရသူများပြား

 ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ င် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါ အဝင် သေဆုံးဒဏ်ရာရသူ များကြောင်း CDF မင်းတပ်ထံမှ သိရသည်။

မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်သို့ ပြန်လာသည့် စစ်ကောင်စီတပ်အင်အား(၂၀၀) ဝန်းကျင်ကို ၂၀၂၃ခုနှစ်၊ မေလ(၂၉)ရက်နေ့က စတင်ကာ ဇွန်လ(၁)ရက်နေ့အထိ CDF မင်းတပ်က လမ်းတလျောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

"ကျောက်ထု အမြောက်တပ်ထဲကို ပြန်ဝင်ချင်တဲ့ စစ်ကောင်စီတပ်ကို လမ်းမှာ ဆီးကြို တိုက်ခိုက်ကြတာပေါ့။ ပြီးတော့ သူတို့ဆက် မဝင်နိုင်ဘဲ လမ်းမှာကြာနေတာပေါ့။ ကြားမှာ တိုက်ပွဲတွေဖြစ်နေတာပေါ့။"ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ဇွန်လ(၂)ရက်နေ့တွင် ပြောသည်။

မေလ(၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး ဇွန်လ(၁)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးတစ်ဦးသေသဖြင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများရှိခဲ့ကြောင်း သိရသည်။

"စစ်ကောင်စီတပ်တွေ နောက်လည်းပြန်မဆုတ်ဘူး။ ရှေ့လည်းမတိုးဘူး။ ထိခိုက်သေဆုံးသူများတယ်။ အဲဒီတိုက်ပွဲဖြစ်နေတဲ့ နေရာနားမှာပဲ တဝဲလည်လည် လုပ်နေတာပေါ့နော်။ အဲဒီနေရာမှာပဲ နေရာယူ ထားတာကြာနေပြီ။"ဟု CDF မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

တိုက်ပွဲများမှာ မကွေးနှင့် ချင်းပြည်နယ်အစပ်၊ ချင်းချောင်းရွာအနီး စံတောင်ရိုးနှင့် ပေါက်တောချောင်းနေရာများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး CDF မင်းတပ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကာ အနီးရှိကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်မေကြရကြောင်း  သိရသည်။