မင်းပြားမြို့ ကျိန်းတောင်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးကုန်းကို AAသိမ်း၊ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်များဖြင့် အပြင်းအထန်ခုခံနေ

မင်းပြားမြို့ ကျိန်းတောင်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးကုန်းကို AAသိမ်း၊ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်များဖြင့် အပြင်းအထန်ခုခံနေ
ဇန်နဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ ပြည်သူနေထိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည့် ကျိန်းတောင် စစ်ကောင်စီလက်နက်ကြီးကုန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးများ ကြဲချကာ ကြည်း၊ ရေ၊ လေဖြင့် အပြင်းအထန် ခုခံနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျိန်းတောင်အနီးဝန်းကျင်ကို ပေါင်(၅၀၀)ဗုံး (၆)လုံး ကြဲချသွားပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဟု ဆိုသည်။

“(၆)ရက်လောက်ရှိပြီ။ လေယာဥ်မျိုးစုံ၊ အမြောက်သံ၊ သေနတ်သံတွေ မနားတမ်းဖြစ်နေတာ။ မြို့ခံအများစုက နယ်တွေကို ရှောင်နေရတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁)ရက်နေ့က မြို့ခံ(၄)ယောက်ကို စစ်တပ်ကပစ်သတ်လိုက်တယ်။ ဗုံးကြဲလို့ နေအိမ်(၁၁)လုံးလောက် မီးလောင်ပြာကျသွားတယ်။ တခြားနေအိမ်တွေလည်း အများကြီးပဲ ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

နေ့စဉ်စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ ဗုံးကြဲတိုက်ခိုက်နေသဖြင့် မင်းပြားမြို့ မြောင်းဘွေလမ်း၊ အပိုင်း(၁)ဈေးဟောင်းပိုင်း၊ ရွှေပြည်တန်ဆိပ်ကမ်း၊ ကျွန်းညို၊ ဦးစိုးတင့်၊ မင်းဘာကြီးရပ်ကွက်၊ ပြည်တော်လှ၊ ပြည်တော်အေး၊ ကျီးဖြူရွာတို့ရှိ နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

“မင်းပြားကျိန်းတောင်မှာ တိုက်ပွဲဖြစ်နေတာ။ ပေါင်(၅၀၀)ဗုံးက နေ့တိုင်းကြဲနေတာ။ ကျိန်းတောင်ကို သိမ်းပြီးပြီ။ အောက်က စစ်တပ်ကို ရှင်းနေတယ်။ တပ်ရင်း(၃)ခုလုံးက (၃၇၉)တပ်ရင်းမှာ ပိတ်မိသွားပြီ။ ဒါကြောင့် ရေတပ်၊ လေတပ်တွေနဲ့ မကျအောင် အသဲအသန် လုပ်နေတာ။ ဒေသခံတွေက မြို့ထဲကို ဝင်လို့မရသေးဘူး။ နားချိန် မရှိသလောက်ပဲ၊ တချိန်လုံးဖြစ်နေတာ။ လေယာဉ်၊ ဒရုန်းတွေနဲ့ တစ်နာရီတစ်ကြိမ် လာပစ်နေတယ်။”ဟု မင်းပြားမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကျိန်းတောင်သည် အရှည်(၆)မိုင်၊ အကျယ်(၂)မိုင်ဝန်းကျင်ရှိပြီး တောင်ပေါ်တွင် စစ်ကောင်စီတပ်က အမာခံတပ်စခန်းပြုလုပ်ကာ လက်နက်ကြီးတပ်စခန်းများရှိပြီး တောင်အောက်ခြေတွင် ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများရှိနေသည်ဟု သိရသည်။

#TachileikNewsAgency