ချင်းရွှေဟော်ရှိ စစ်ကောင်စီတပ်စခန်း MNDAA ထပ်မံသိမ်း၊ စစ်ကောင်စီတပ်သားနှင့် ရဲများ အလင်းမဝင်ဘဲ ဆန့်ကျင်နေပါက အရေးယူမည်

ချင်းရွှေဟော်ရှိ စစ်ကောင်စီတပ်စခန်း MNDAA ထပ်မံသိမ်း၊ စစ်ကောင်စီတပ်သားနှင့် ရဲများ အလင်းမဝင်ဘဲ ဆန့်ကျင်နေပါက အရေးယူမည်
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့ရှိ စစ်‌ကောင်စီတပ်၏ နမ့်ကျွမ်းတပ်စခန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကာ စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု The Kokaungက ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများမှာ စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှလာသည့် စစ်ကူများဖြစ်ပြီး လားရှိုးသို့ လေကြောင်းဖြင့်ပို့ကာ လားရှိုးမှတဆင့် ချင်းရွှေဟော်သို့ ရဟတ်ယာဉ်ဖြင့် လာရောက်အင်အားဖြည့်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ရဲများ MNDAAထံ အလင်းဝင်ရန်နှင့် ပေကပ်ခေါင်းမာစွာဆန့်ကျင်နေပါက ပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း ယနေ့တွင် သတိပေးစာထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းတာဝန်နှင့်ဆက်စပ်သော ဓာတ်ပုံ၊ စာရွက်စာတမ်း၊ စာရင်းဇယားများ၊ ဘောင်ချာနှင့် ငွေကြေးများကို ကောင်းမွန်စွာထိန်းသိမ်းထားရမည့်အပြင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပါက ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : The Kokang