ရှမ်းမြောက်ရှိ ဗျူဟာစခန်းများနှင့် ကောလင်းမြို့တို့ကို မဟာမိတ်တပ်များ သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်

ရှမ်းမြောက်ရှိ ဗျူဟာစခန်းများနှင့် ကောလင်းမြို့တို့ကို မဟာမိတ်တပ်များ သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်
နိုဝင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်း၊ ဗျူဟာကုန်း၊ တပ်စခန်း၊ ရဲစခန်းနှင့် မြို့များကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မဟာမိတ်တပ်များက ယနေ့ နိုဝင်ဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

MNDAA နှင့် AA တပ်ဖွဲ့တို့သည် စစ်ကောင်စီ၏ ဗျူဟာကုန်းများထဲမှ ပန်လုံဗျူဟာကုန်းနှင့် ကာကင်းဗျူဟာ စခန်း(၂)ခုအား နိုဝင်ဘာလ (၄)ရက်နေ့ ကတည်းကပင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ ကာကင်းဗျူဟာစခန်း (၂)ခုနှင့် ပင်မ ပန်လုံ ဗျူဟာစခန်းတို့အား AA တပ်ဖွဲ့ဝင်များက ဦးဆောင်ထိုးစစ်ဆင်ခဲ့ကြပြီး စစ်ရေးအရ ခက်ခဲသည့် စခန်းသိမ်းတိုက်ပွဲတစ်ခုလည်းဖြစ်ကာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်တို့ဖြင့် အကြိမ်ပေါင်းများစွာ ခုခံကာကွယ်ခဲ့သည့်အတွက် နှစ်ဘက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် နိုဝင်ဘာလ (၄)ရက်နေ့တွင် MNDAAနှင့် မဟာမိတ်တပ်ဖွဲ့များသည် စစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသော တာဂန်ထန် တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း နိုဝင်ဘာလ (၅)ရက်နေ့၊ ညနေပိုင်းတွင် စခန်းအားသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

TNLA သည်လည်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့သည် နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားအနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် ရွှေညောင်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

ထို့အပြင် KIA၊ AA နှင့် PDF များပါဝင်သည့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုသည် ကောလင်းမြို့ ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ စစ်ကောင်စီတပ်များအား နိုဝင်ဘာလ (၃)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၆)ရက်နေ့တွင် ကောလင်းမြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူနှင့် ထောက်ပို့မှုကိုသာ အားထားနေရပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာနေသည်ဟု သိရသည်။

 

ရက်စက်ပြီး မည်သည့်အရာကိုမဆို လုပ်ဝံ့သော စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အရပ်သားများအနေဖြင့် သွားသတိ၊ လာသတိ၊ နေသတိ စသည့်လုံခြုံရေးသတိအပြည့်ဖြင့် နားစွင့်နေထိုင်ကြရန်လည်း သတိပေးထားသည်။

#TachileikNewsAgency