ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား ပါဝင်ကူညီသူများကို အရေးယူမည်ဟု UG ၅ ဖွဲ့ သတိပေး

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား ပါဝင်ကူညီသူများကို အရေးယူမည်ဟု UG ၅ ဖွဲ့ သတိပေး

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖော်ရန် ပါဝင်ကူညီသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျား(၅)ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် အသက်ဝင်လာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီဆောင်ရွက်နေသော ဖက်ဆစ် အလိုတော်ရိများအားလုံးကို အကြမ်းဖက်စစ်ကောင်စီ၏ ခွေးသွားစိတ် ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကိုပြဌာန်းကာ ပြည်သူများ၏ လူသားလုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ထိပါးကျူးလွန် လုပ်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ Yangon Urban Guerrillas (YUG)၊ Yangon UG Association (YUA)၊ Yangon Army (YA)နှင့် Yangon Guardian Army(Y.G.A)တို့က ပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ရှုံးကာ အင်အားနည်းနေသည့် စစ်ကောင်စီသည် လူငယ်များအား အဓမ္မစစ်မှုထမ်းစေခိုင်းရန် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်နေသော်လည်း ၎င်းတို့၏ သား၊ သမီးများကိုမူ စစ်မှုထမ်းခိုင်းခြင်းမရှိပေ။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းနိုင်သူ (၁၄)သန်းရှိနေပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို စစ်မှုထမ်းသက်တမ်း (၂)နှစ်နှင့် အရေးပေါ်အခြေအနေဆိုပါက (၅)နှစ်အထိ အဓမ္မစေခိုင်းနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

#TachileikNewsAgency