ထိုင်းရဲတပ်ဖွဲ့မှ အမျိုးသား ရဲအရာရှိများ ဆံပင် ရှည်ရှည်ထားနိုင်ပြီဟုဆို

ထိုင်းရဲတပ်ဖွဲ့မှ အမျိုးသား ရဲအရာရှိများ ဆံပင် ရှည်ရှည်ထားနိုင်ပြီဟုဆို
အောက်တိုဘာ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံတွင် ရဲချုပ်အသစ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol က ရဲစည်းမျဥ်းစည်းကမ်းများကို ပြန်လည်ပြင်ဆင်ပြီး အမျိုးသား ရဲအရာရှိများ ၎င်းတို့၏ ဆံပင်ကို (၂) လက်မအထိ အရှည်ထားနိုင်ကြောင်း ခွင့်ပြုလိုက်သည်။

 ၂၀၂၃ ခုနှစ် ရဲစည်းမျဥ်းစည်းကမ်းက ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ထားခဲ့သော ရဲအရာရှိများ၏ ယူနီဖောင်းနှင့် ပတ်သက်သည့် စည်းမျဥ်းကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြောင်းကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့၏ Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ယခုစည်းမျဥ်းအသစ်အရ အမျိုးသား ရဲအရာရှိတစ်ဦးမှာ ဦးခေါင်းအထက်ပိုင်းတွင် (၂) လက်မ (၅ စင်တီမီတာ) ထက်မပိုသော ဆံပင်အရှည်ထားနိုင်ပြီး ဦးခေါင်း၏ ဘေးနှစ်ဖက်လုံးနှင့် နောက်ဖက်တွင် ဆံပင်အရှည် (၀.၃) လက်မ (၁ စင်တီမီတာ) ရှိရမည် ဖြစ်သည်။ 

ယခင်ကမူ ထိုင်းရဲအရာရှိတစ်ဦးမှာ အလွန်တိုသော ဆံပင်ပုံစံထားရှိရပြီး ဦးခေါင်း၏ ဘေးနှစ်ဖက်လုံးနှင့် နောက်ဖက်တွင် ဆံပင်ကို လုံးဝ အပြောင်းရိတ်ထားရသည်။

ရဲစည်းမျဥ်းအသစ်အရ စုံစမ်းစစ်ဆေးရေး၊ ထောက်လှမ်းရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး သို့မဟုတ် အန္တရာယ်ရှိသော ဧရိယာများတွင် တာဝန်ကျသော ရဲအရာရှိများကိုလည်း ဦးခေါင်းထိပ်ပိုင်းတွင် ပိုရှည်သော ဆံပင်ပုံစံထားနိုင်ကြောင်း၊ သို့သော် ရဲမှူးနှင့် အထက် ၎င်းတို့၏ အထက်လူကြီးထံမှ ခွင့်ပြုချက်ယူရမည်ဟု ဆိုသည်။

ဆံပင်အရှည်ထားသော အမျိုးသမီး ရဲအရာရှိများမှာ ၎င်းတို့၏ ဆံပင်ကို အနက်ရောင် ဆံညှပ်ဖြင့် စနစ်တကျ စည်းထားရမည် ဖြစ်သည်။ 

ထိုင်းရဲချုပ်အသစ်က ရဲအရာရှိများ၏ ဆံပင်ပုံစံနှင့် ပတ်သက်သည့် စည်းမျဥ်းစည်ကမ်းများ ပိုမိုဖြေလျှော့စေလိုကြောင်း ပြောထားကြောင်း သိရသည်။ 

စည်းမျဥ်းစည်းကမ်းအသစ်အရ ယခုအခါ အမျိုးသား ရဲအရာရှိများ တစ်ပတ်လျှင် တစ်ကြိမ် ဆံပင်ညှပ်ရန် မလိုအပ်တော့ကြောင်းနှင့် ယခုလို သတ်မှတ်လိုက်ခြင်းသည် ၎င်းတို့၏ ဆံပင်ညှပ်ခ သက်သာစေမည်ဟု ထိုင်းရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုသည်။

Source: Bangkok Post