ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလျှောက်လမ်း၌ အမျိုးသမီးတစ်ဦး ညပ်မိပြီး  ခြေထောက် ဖြတ်လိုက်ရ

 ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလျှောက်လမ်း၌ အမျိုးသမီးတစ်ဦး ညပ်မိပြီး  ခြေထောက် ဖြတ်လိုက်ရ
By Mr John

 

ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်တွင် ရွေ့လျား လျှောက်လမ်း၌ ညပ်မိပြီး အမျိုးသမီးတစ်ဦး ခြေထောက်ဖြတ်လိုက်ရသည့် ဖြစ်ရပ်ကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဟု လေဆိပ်တာဝန်ရှိသူများက ကတိပြုခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် ဇွန်လ (၂၉) ရက်နေ့၏ ဒေသစံတော်ချိန် နံနက်ပိုင်းက ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလျှောက်လမ်းတွင် အမျိုးသမီးတစ်ဦး ခြေထောက်ညပ်သွားခဲ့ခြင်း ဖြစ်သည်။

ဒွန်မောင်းလေဆိပ် ပြည်တွင်းလေကြောင်းခရီးစဥ် ဒုတိယအဆောင်၏ ဂိတ် (၄) နှင့် ဂိတ် (၅) အကြား တောင်ဘက်စင်္ကြန်တွင် ဇွန်လ (၂၉) ရက်နေ့ နံနက် (၈) နာရီ (၂၇) မိနစ်အချိန်က အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လေဆိပ် အထွေထွေမန်နေဂျာ Karant Thanakujeerapat က ထိုနေ့မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရွေ့လျားလျှောက်လမ်း စက်အတွင်း ဘယ်ဖက်ခြေထောက်ညပ်သွားပြီးနောက် ခြေထောက်ကို ဖြတ်ခဲ့ရသည့် အမျိုးသမီး၏ အမည်ကို လေဆိပ်က ထုတ်ဖော်ပြောခဲ့ခြင်းမရှိဘဲ သူမက နခွန်းစီထမရပြည်နယ်သို့ ပြည်တွင်းလေကြောင်းခရီးစဥ်ဖြင့် သွားရောက်ရန်အတွက် လေယာဥ်ပေါ်တက်ရန်ပြင်နေစဥ် ခြေထောက်ညပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေဆိပ် ဆေးဘက်ဆိုင်ရာအဖွဲ့က အခင်းဖြစ်နေရာတွင် သူမကို အခြေအနေတည်ငြိမ်စေရန် လုပ်ဆောင်ပေးခဲ့ပြီးနောက် လေဆိပ်အနီးရှိ ဘူမိဘောအဒူလျာဒက် (Bhumibol Adulyadej)ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

နောက်ပိုင်းတွင် ထိုအမျိုးသမီး၏ မိသားစုက သူမကို Bumrungrad ဆေးရုံသို့ ရွှေပြောင်းခဲ့ကြောင်းနှင့် သူမ၏ နောက်ထပ် အခြေအနေ အသေးစိတ်ကို မသိရှိရကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် လေဆိပ်စီမံခန့်ခွဲရေးအဖွဲ့က ရွေ့လျားလျှောက်လမ်းကို ပိတ်ထားလိုက်ပြီး စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ 

လေဆိပ်တာဝန်ရှိသူများက ထိုဖြစ်ရပ်အတွက် တောင်းပန်စာထုတ်ခဲ့ပြီး ခြေထောက်ညပ်သွားသည့် အမျိုးသမီးအတွက် အပြည့်အဝ နစ်နာကြေးပေးမည်ဟု အာမခံခဲ့ကြောင်း သိရသည်။

ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလျှောက်လမ်း စုစုပေါင်း (၂၀)ခုကို ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အခြေစိုက် Hitachi ကုမ္ပဏီက တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုလျှောက်လမ်းများကို ပုံမှန် ပြုပြင်ထိန်းသိမ်းရန် အသိအမှတ်ပြုလက်မှတ်ရ ပြည်တွင်းကုမ္ပဏီ Saim Hitachi ကို လုပ်ကိုင်ခွင့်ပြုထားခဲ့သည်။ 

လေဆိပ်စီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် ယခု ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုအား တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်မည်ဖြစ်ကာ တွေ့ရှိမှုများကို အများပြည်သူသို့ ထုတ်ပြန်သွားမည်ဟု အထွေထွေမန်နေဂျာ Karant က ပြောသည်။

 

Source: Bangkok Post, Daily Mail

Photo: Don Mueang International Airport-DMK,