ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုကြီးဖြစ်ပြီး လူ(၂၂)ဦးထက်မနည်း သေဆုံး

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုကြီးဖြစ်ပြီး လူ(၂၂)ဦးထက်မနည်း သေဆုံး
By Mr John

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူ(၂၂)ဦးထက်မနည်း သေဆုံးပြီး အခြား လူ (၇၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မေလ (၆) ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်းက ဟာဗားနားမြို့လယ်ရှိ ဆာရာတိုဂါဟိုတယ် (Hotel Saratoga) ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲခြင်း မဟုတ်ဘဲ ဂက်စ်ယိုစိမ့်မှုကြောင့် ဖြစ်ပုံရသည်ဟု ကျူးဘားသမ္မတ Miguel Diaz-Canel က ပြောသည်။

ကျူးဘားသမ္မတက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ လာရောက်ကြည့်ရှုခဲ့သည်။



ကြီးမားသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ဟိုတယ်အပြင်ဘက်ရှိ ဘတ်စ်ကားနှင့် ကားများ ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ဆိုသည်။

ကျူးဘားကွန်မြူနစ်ပါတီ၏ သတင်းဌာန Granma က ဖော်ပြခဲ့သည့် ဓာတ်ပုံများအရ ပေါက်ကွဲမှုကြောင့် ဟိုတယ်၏ အထပ်သုံးထပ်ထက်မနည်း ပွင့်ထွက်ပျက်စီးနေပြီး မြေပြင်ရှိ အပျက်အစီးများပတ်လည်တွင် ဖုန်မှုန်နှင့် မီးခိုးများ ပျံ့လွင့်နေသည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ဟိုတယ်အပျက်အစီးများအတွင်း အသက်ရှင်ကျန်သူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခဲ့ကြပြီး ပိတ်မိနေသူများရှိနိုင်သည်ဟု ဆိုသည်။



ဆာရာတိုဂါဟိုတယ်ကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း တည်ဆောက်ခဲ့ပြီး အခန်း (၉၆) ခန်း ပါဝင်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ပြန်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဟိုတယ်ကို COVID-19 ကပ်ရောဂါကာလအတွင်း ပိတ်ထားခဲ့ရာမှ လေးရက်အတွင်း ပြန်လည်ဖွင့်လှစ်သွားရန် စီစဥ်ထားကြောင်း ၎င်း၏ Facebook တွင် ပြောထားသည်။



Source: CNN, Reuters